ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရီးယဲလ်မက်ဒရစ်အသင်းကနေ အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ ကိုလံဘီယာကြယ်ပွင့် တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အဲဗာတန်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် လက်ရှိမှာ သူရဲ့ဆရာသမားဖြစ်သူ ကားလို့အန်စလော့တီကလည်း အဲဗာတန်နဲ့ လမ်းခွဲထားတာဖြစ်လို့ ဂျိမ်းစ်ကိုယ်တိုင်ပါ အဲဗာတန်ကနေ ပြန်လည်ထွက်ခွာသွားဖွယ် ရှိလို့နေပြီး ဒီလို အခြေအနေရှိနေတဲ့ ဂျိမ်းစ်ကို အေစီမီလန်အသင်းကနေ ခေါ်ယူသွားဖို့ စတင်ကြိုးပမ်းလာခဲ့ပါတယ်။

Photo Credit : SPORT

အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက စီးရီးအေအမှတ်ပေးဇယားမှာ အဆင့်(၂)နေရာကို ရယူနိုင်ခဲ့တာကြောင့် အသင်းနဲ့ နှစ်အတန်ကြာ ဝေးကွာလို့နေရတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည်ပိုင်ဆိုင်ခဲ့တဲ့အတွက် ဘောလုံးရာသီသစ် မစတင်ခင်မှာပဲ အသင်းအတွက် ကစားသမားသစ် ဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မီလန်အသင်းဟာ အဲဗာတန်အသင်းနဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိလို့နေတဲ့ အသက်(၂၉)နှစ်အရွှယ် ကိုလံဘီယာ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အလိုရှိနေပြီး ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းခန့်နဲ့ ကနဦးကမ်းလှမ်းသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လို့နေပါတယ်။

Photo Credit : Goal

ပေါ်တို မိုနာကို ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ ကစားသမားဟောင်း ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီကမှ အဲဗာတန်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးသာသာနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ(၂၆)ပွဲအထိ ပါဝင်ကစားခဲ့ကာ (၆)ဂိုးသွင်းယူခဲ့သလို (၉)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျိမ်းစ် အဲဗာတန်အသင်းကို ပြောင်းရွှေ့လာရတဲ့ အဓိကအချက်တစ်ခုဖြစ်တဲ့ သူရဲ့ဆရာသမား နည်းပြအန်စလော့တီက လက်ရှိမှာ အဲဗာတန်ကနေ ရီးယဲလ်မက်ဒရစ်ဆီ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သလို ဂျိမ်းစ်ရဲ့ လက်ရွေးစင်အသင်းဖြစ်တဲ့ ကိုလံဘီယာအသင်းကလည်း ကိုပါအမေရိကပြိုင်ပွဲရဲ့လူစာရင်းမှာ ထည့်သွင်းရွေးချယ်ခြင်း မရှိခဲ့တဲ့အပေါ် စိတ်ပျက်နေရတာကြောင့် ဂျိမ်းစ်အနေနဲ့ အသင်းပြောင်းဖို့အထိပါ စဉ်းစားလာခဲ့ရတာဖြစ်ပါတယ်။ ဒီလို အနာဂတ်မရေမရာ ဖြစ်နေရတဲ့ ဂျိမ်းစ်ကို ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလာခဲ့ပေမယ့် မီလန်အသင်းက အခြားအသင်းတွေထက် လက်ဦးမှုရအောင် ကြိုးပမ်းနေပြီး မီလန်ကလည်း ဥရောပဝင်ခွင့်လည်း ရရှိထားတဲ့ အသင်းဖြစ်တာကြောင့် ဂျိမ်းစ်ဘက်ကနေလည်း ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေပါတယ်။