အဲဗာတန်အသင်းအတွက် လာမယ့်ဘောလုံးရာသီအတွက် အကောင်းဆုံးပြင်ဆင်လျက်ရှိလို့နေပြီး နာပိုလီအသင်းရဲ့ ကွင်းလယ်ကစားသမား အယ်လန်ကို ခေါ်ယူထားခဲ့တဲ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကိုလံဘီယာကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)နဲ့ ခေါ်ယူနိုင်ခဲ့ကာ အသင်းရဲ့လူအင်အားကို အကောင်းဆုံးဖြည့်တင်းထားနိုင်ခဲ့ပါတယ်။

Photo Credit : Marca

အသက်(၂၉)နှစ်အရွှယ်ရှိ ကိုလံဘီယာလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ နည်းပြဇီဒန်းရဲ့လက်အောက် ရီးရဲလ်အသင်းမှာ ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးနေရသူဖြစ်သလို စာချုပ်သက်တမ်းကလည်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့အတွက် အခုလို ဆရာသမားဟောင်း အန်စလော့တီရှိရာ အဲဗာတန်အသင်းဆီကိုပဲ ပြောင်းရွှေ့လာခဲ့ရတာဖြစ်ပါတယ်။ အဲဗာတန်ကစားသမားသစ် ဖြစ်လာခဲ့တဲ့ ဂျိမ်းစ်က “သမိုင်းကြောင်းကောင်းမွန်လာတဲ့ အသင်းကောင်းတစ်သင်းဆီကို ရောက်ရှိလာခဲ့တဲ့အတွက် ကျွန်တော်အလွန်ကို ပျော်ရွှင်နေရပါတယ်။ ဒီမှာလည်း ကျွန်တော့်အကြောင်းကို ကောင်းကောင်းသိနေတဲ့ နည်းပြလည်းရှိနေပါသေးတယ်”

Photo Credit : Twitter

“ကျွန်တော်ဒီမှာ အောင်မြင်မှုတွေ နိုင်ပွဲတွေရရှိသွားဖို့ လုပ်ဆောင်သွားမှာပါ။ ဒါက ကစားသမားတိုင်း ရည်ရွှယ်ထားတဲ့ အရာပါ။ ဒီမှာ ကျွန်တော်ရဲ့ခြေစွမ်းတွေ ပိုမိုတိုးတတ်လာအောင် ပိုမိုကောင်းမွန်လာအောင် ကြိုးစားသွားမယ်။ ကလပ်အသင်းကိုလည်း ဖျော်ဖြေမှုဆန်တဲ့ အသင်းကောင်းတစ်သင်းဖြစ်အောင်နဲ့ နိုင်ပွဲတွေ ရရှိအောင် ကူညီပေးသွားမှာပါ။ ကျွန်တော်က နိုင်ပွဲတွေကို ရရှိခဲ့ဖူးသူတစ်ယောက်ပါ။ အောင်မြင်မှုတွေကိုလည်း ဆာလောင်သူပါ။ ဒီမှာလည်း အသင်းရဲ့အနာဂတ်အစီအစဉ်တွေ စီမံကိန်းတွေကို ကျွန်တော်မြင်နေရပါတယ်။ တကယ့်ကို ပြင်းထန်းလှတဲ့ အစီအစဉ်တွေပါ။ ဒီလိုပြင်းပြင်းထန်ထန်ရှိမှလည်း ဆုဖလားအောင်မြင်မှုတွေကို ရရှိနိုင်မှာပါ။ နောက်ပြီး ဒီမှာက အသင်းအပေါ် အမှန်တကယ် အားပေးနေကြတဲ့ ပရိသတ်ထုကြီးလည်း ရှိနေပါသေးတယ်။ ကျွန်တော်လည်း ဒီအသင်းအတွက် အကောင်းဆုံးပေးဆပ်သွားပါမယ်။ ကစားရတဲ့ပွဲတိုင်းမှာ ကျွန်တော့်ဆီက အကောင်းဆုံးကစားပုံတွေရဖို့နဲ့ အသင်းရလဒ်ကောင်းဖို့ ရှိသမျှအားတွေ အကုန်ထုတ်ပြီး ကစားသွားမယ်။ အခုတော့ အသင်းနဲ့ စတင်မိတ်ဆက်ရချိန်မှာပဲ တကယ့်ကို ခံစားချက်တွေက ကောင်းမွန်လို့နေတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဂျိမ်းစ်က အဲဗာတန်ကို ရောက်လာဖို့ ဆုံးဖြတ်ခဲ့ရတာဟာ သူနဲ့ အကြိမ်ကြိမ်လက်တွဲခဲ့ဖူးတဲ့ နည်းပြအန်စလော့တီကြောင့်လို့လည်း ဝန်ခံပြောဆိုခဲ့ပါသေးတယ်။