MySport Myanmar

ဒဏ်ရာပြဿနာတွေကြောင့် ရာသီကုန် အထိ အနားယူရတော့မယ့် ရစ်စီဂျိမ်းစ်နဲ့ မောင့်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ရစ်စီဂျိမ်းစ်နဲ့ မေဆန်မောင့်တို့က ဒဏ်ရာပြဿနာတွေကြောင့် ရာသီကုန် အထိ အနားယူရတော့မယ်လို့ ချယ်လ်ဆီးရဲ့ ယာယီနည်းပြ လမ်းပတ်က အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ညာနောက်ခံလူ ရစ်စီဂျိမ်းစ်နဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မေဆန်မောင့်တို့က ချယ်လ်ဆီးရဲ့ လူငယ်အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်သလို နှစ်ဦးစလုံးဟာ ချယ်လ်ဆီးမှာ အရေးပါတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

အသက် ၂၃နှစ် အရွယ် ရစ်စီဂျိမ်းစ်က ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပြီး သူဟာ ချယ်လ်ဆီး ၀-၂ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရခဲ့တာကြောင့် အနားယူနေရသူပါ။

တဖက်မှာတော့ ချယ်လ်ဆီးနဲ့ အနာဂတ် မရေရာတော့တဲ့ မေဆန်မောင့်က ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး မေဆန်မောင့်ဟာ ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံမှာ ၃၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုးထဲသာ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှုလည်း ၆ကြိမ်သာ ပြုလုပ်နိုင်ခဲ့ကာ မေဆန်မောင့်ကလည်း ချယ်လ်ဆီး ၀-၂ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ တင်ပါးဆုံဒဏ်ရာ ရခဲ့ပါတယ်။

Photo Credit: Telegraph

မနက်ဖြန်ညမှာ ကစားရမယ့် ချယ်လ်ဆီးနဲ့ ဘရန့်ဖို့ဒ်တို့ရဲ့ ပွဲစဉ်အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ လမ်းပတ်က မေဆန်မောင့်နဲ့ ရစ်စီဂျိမ်းစ်တို့ဟာ ရထားတဲ့ ဒဏ်ရာတွေကြောင့် ရာသီကုန် အထိ အနားယူရတော့မှာ ဖြစ်ကြောင်း ဆိုလာပါတယ်။

လမ်းပတ်က – “ရစ်စီဂျိမ်းစ်က မနက်ဖြန်ပွဲမှာ ပါဝင်ဖို့ မရှိပါဘူး။ သူက ရာသီကုန် အထိ အနားယူရဖို့ ရှိပါတယ်။ မေဆန်ကလည်း အတူတူပါပဲ။ မေဆန်မောင့်ဟာ သူ့ရဲ့ ဒီရာသီ နောက်ဆုံးပွဲကို ကစားပြီးပြီလို့ ပြောလို့ ရလောက်ပါတယ်။ ကိုင်ကလည်း ဒူးဒဏ်ရာကြောင့် ရုန်းကန်နေရပါတယ်။ ဒါပေမယ့် သူက ဒီတပတ် အကုန်မှာပဲ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မယ်လို့ ထင်ပါတယ်။ ရစ်စီက တံကောက်ကြောဒဏ်ရာ ရခဲ့တာပါ။ မေဆန်ကတော့ တင်ပါးဆုံဒဏ်ရာ ရနေတာ အတော်လေးကို ကြာနေပါပြီ။ မေဆန်က အသင်းအတွက် အမြန်ဆုံး ပြန်ကစားပေးနိုင်အောင် ကြိုးစားနေပါတယ်။ ဒါပေမယ့် ဆေးအဖွဲ့ကတော့ မေဆန်ဟာ အနည်းဆုံး နောက်ထပ် ၄ပတ်လောက် အနားယူရလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်” ဆိုပြီး ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။

Exit mobile version