ကမ္ဘာကျော် Social Media Platform တခု ဖြစ်တဲ့ Youtubeမှာ လူသိများ ထင်ရှားသူ တဦး ဖြစ်တဲ့ ဂျိတ်ပေါလ် ကတော့ သူဟာ ယခင်က သူနဲ့ ထိုးသတ်ဖို့ ပွဲစီစဉ်ပြီးမှ ပွဲဖျက်ပြေးသွားတဲ့ နာမည်ကြီး လက်ဝှေ့သမား တိုင်ဆန်ဖျူရီရဲ့ ညီ တွန်မီဖျူရီနဲ့ နောက်ထပ် တကြိမ် ပွဲတည်ဖို့ထက် တိုင်ဆန်ဖျူရီနဲ့သာ ထိုးသတ်ချင်နေကြောင်း စိန်ခေါ်သွားခဲ့ပါတယ်။

နာမည်ကြီး Youtuber တဦးဖြစ်သူ ဂျိတ်ပေါလ်ဟာ ၂၀၂၁ခုနှစ်မှ စတင်ကာ လက်ဝှေ့လောကထဲကို ဝင်ရောက်လာသူ ဖြစ်ပြီး ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား တဦး အဖြစ် အသက်မွေးနေတာ မဟုတ်ပေမယ့် စိန်ခေါ်ပွဲတွေကို ယှဉ်ပြိုင် ထိုးသတ်နေသူ တဦးပါ။

Photo Credit: Metro

ဂျိတ်ပေါလ်ဟာ ပရိသတ်အင်အား အခိုင်အမာကို ပိုင်ဆိုင်ထားတဲ့ လူတဦး ဖြစ်တာကြောင့် နာမည်ကြီး UFCကြယ်ပွင့်တွေ ၊ မော်ဒယ်တွေနဲ့ စိန်ခေါ်ပွဲ ၅ပွဲ ထိုးသတ်ထားပြီး ၅ပွဲစလုံးကို အနိုင်ရရှိထားသူလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဂျိတ်ပေါလ်က ပရိသတ်တွေ ပိုမို စိတ်ဝင်စားမယ့် လက်ဝှေ့ပွဲတွေကို ထပ်မံ ထိုးသတ်ဖို့ ကြံရွယ်နေတာ ဖြစ်ပြီး အခုတခါမှာလည်း သူနဲ့ ပွဲမဖြစ်ခဲ့တဲ့ တွန်မီဖျူရီရဲ့ အစ်ကို ဟဲဗီးဝိတ် ချန်ပီယံ တိုင်ဆန်ဖျူရီနဲ့ ထိုးသတ်ချင်ကြောင်း စိန်ခေါ်လာခဲ့ပြန်ပါတယ်။

Photo Credit: Metro

တိုင်ဆန်ဖျူရီဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်တန်း လက်ဝှေ့သမား တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူ့ရဲ့ အစဉ်အလာ ပြိုင်ဘက် ဝိုင်ဒါကိုလည်း မကြာသေးမီကမှ အလဲထိုးနဲ့ အနိုင်ရထားသူ တဦးပါ။

ဂျိတ်ပေါလ်ကတော့ သူဟာ ဖျူရီမိသားစုထဲက တဦးနဲ့ ထိုးသတ်ရတော့မယ် ဆိုရင် တွန်မီဖျူရီထက် သူ့ရဲ့ အစ်ကိုဖြစ်သူ တိုင်ဆန်ဖျူရီနဲ့သာ ထိုးသတ်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဂျိတ်ပေါလ်က – “တွန်မီဖျူရီကတော့ ကျွန်တော်နဲ့ ထိုးပြီး ပိုက်ဆံရှာချင်နေပုံပါပဲ။ ဒါပေမယ့် ကျွန်တော် အရင်ကလည်း ပြောဖူးပါတယ်။ သူက ကျွန်တော်နဲ့ ထိုးသတ်ဖို့ အထိ ထိုက်တန်တဲ့ လူတဦး မဟုတ်ပါဘူး။ ကျွန်တော်က သူ့ထက်စာရင် တိုင်ဆန်ဖျူရီနဲ့ပဲ ထိုးသတ်ချင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။