MySport Myanmar

လာမယ့်နွေမှာ မန်ယူကို ပြန်လာပြီး ကစားသမားဘဝ ပြန်တည်ဆောက်သွားဖို့ ရှိနိုင်တဲ့ ဆန်ချို

အင်္ဂလန် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကတော့ လက်ရှိ ဒေါ့မွန်အသင်းမှာ အငှားနဲ့ သွားရောက် ကစားနေရပေမယ့် အငှားသက်တမ်း ပြည့်ချိန်မှာပဲ သူရဲ့ မူလကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်သွားပြီး ယူနိုက်တက်မှာ ကစားသမားဘဝကို ပြန်လည် တည်ဆောက်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အသက် (၂၃)နှစ်အရွယ် ဘယ်တောင်ပံ ကစားသမား ဆန်ချိုဟာ ဒေါ့မွန်အသင်းနဲ့အတူ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း ဒေါ့မွန်မှာ တောက်ပလာခဲ့တာကြောင့် ၂၀၂၁ခုနှစ်မှာပဲ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အင်္ဂလန်မြေဆီ ပြန်ရောက်လာခဲ့ပါတယ်။

Photo Credit : Bleacher Report

ဒါပေမယ့်လည်း ဒေါ့မွန်မှာတုန်းကလို ခြေစွမ်းမျိုးတွေ ယူနိုက်တက်မှာ မပြသနိုင်ခဲ့ပဲ ရုန်းကန်နေရသလို နောက်ဆုံးမှာ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ပါ ဆက်ဆံရေး အဆင်မပြေတော့တဲ့အထိ ဖြစ်လာရင်း တန်ဟက်ဂ်ကိုလည်း မတောင်းပန်ခဲ့ပဲ အသင်းဟောင်း ဒေါ့မွန်ဆီကိုသာ အငှားနဲ့ လစ်သွားခဲ့ပါတော့တယ်။

အခုအချိန်ထိလည်း ဆန်ချိုက သူ့အသင်းဟောင်းမှာသာ ပျော်ရွှင်နေပေမယ့် ဒေါ့မွန်ကတော့ ကစားသမားဟောင်း ဆန်ချိုကို အငှားကနေ အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိပဲ အငှားပြည့်ချိန်မှာ ယူနိုက်တက်ဆီ ပြန်ပို့ဆောင်ဖို့ ရှိနေရာ လာမယ့်နွေမှာပဲ ဆန်ချို ယူနိုက်တက်အသင်းဆီ ပြန်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ လပိုင်းလောက်ကတော့ ဆန်ချိုက ယူနိုက်တက်မှာ နည်းပြတန်ဟက်ဂ် ရှိမနေရင်တောင် ယူနိုက်တက်ဆီ ပြန်မလာချင်တော့ဘူး ၊ ယူနိုက်တက် ကစားသမား မဖြစ်ချင်တော့ဘူးလို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုတော့ အခြေအနေတွေက ပြောင်းလဲသွားနိုင်ပြီး ဆန်ချိုက ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမားပါ ပြန်ဖြစ်လာနိုင်ပါတယ်။

အဓိက အကြောင်းအရင်းကတော့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်တို့ရဲ့ အသင်းကို ကိုင်တွယ်မှုတွေကြောင့်ဖြစ်ပြီး ဆန်ချို ဂရင်းဝုဒ်တို့လို အငှားချထားတဲ့ ကစားသမားတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်အသစ်တွေ ချမှတ်ဖို့ ရှိနေပြီး ကစားသမားတွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့လည်း ရှိနေရာ ဆန်ချိုကို ယူနိုက်တက်မှာပဲ ဆက်လက် မြင်တွေ့သွားရနိုင်ပါတယ်။

Exit mobile version