MySport Myanmar

ချယ်လ်ဆီးမှာ ရှိခဲ့တဲ့ အချိန်တွေအတွက် ကျေးဇူးတင်ခြင်းသာ ရှိပါတယ်လို့ ဂျက်ဆင် ဖွင့်ဟ

တိုက်စစ်မှူး နီကိုးလပ်စ် ဂျက်ဆင်ဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်အသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့မှု အပြီးသတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ချယ်လ်ဆီးအသင်းအတွက် သတင်းစကားတစ်စောင်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဆီနီဂေါတိုက်စစ်မှူးကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လာမယ့်နွေရာသီမှာ ပေါင် (၅၆)သန်းနဲ့ အပြီးသတ်ဝယ်ယူရမယ့်အချက်လည်း ပါဝင်ပါတယ်။ ဂျက်ဆင်ဟာ ချယ်လ်ဆီးနည်းပြသစ် အန်ဇို မာရက်စကာရဲ့ လက်အောက်မှာ နေရာပျောက်ဆုံးခဲ့ပြီးနောက် အသင်းပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။

Photo Credit : Football365

ဂျက်ဆင်ရဲ့ အပြောင်းအရွှေ့ဟာ အစပိုင်းမှာ ပျက်ပြယ်သွားမလို ဖြစ်ခဲ့ပါသေးတယ်။ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး လီယမ် ဒီလပ်ပ်ဟာ ဩဂုတ်လ (၃၀)ရက်နေ့က ဖူလ်ဟမ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာကြောင့် ချယ်လ်ဆီးဘက်က ဘိုင်ယန်ကို အပြောင်းအရွှေ့ဆက်မလုပ်နိုင်တော့ဘူးလို့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဆေးစစ်ဖို့အတွက် မြူးနစ်မြို့ကို ရောက်နှင့်နေပြီဖြစ်တဲ့ ဂျက်ဆင်နဲ့ သူ့ရဲ့အေးဂျင့်က အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ အခိုင်အမာ တောင်းဆိုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ချယ်လ်ဆီးအသင်းက ဆန်းဒါးလန်းကို အငှားချထားတဲ့ တိုက်စစ်မှူး မာ့ခ် ဂွီယူကိုသာ အသင်းထံ ပြန်လည်ခေါ်ယူခဲ့ပြီး ဂျက်ဆင်ကို ဘွန်ဒက်စ်လီဂါချန်ပီယံအသင်းဆီ ပြောင်းရွှေ့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Photo Credit : Football365

ဂျက်ဆင်က သူ့ရဲ့အသင်းဟောင်းနဲ့ ပတ်သက်ပြီး “အရမ်းကို ပြင်းထန်တဲ့ စိတ်ခံစားမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ထင်သလို အကြောင်းပြချက်တွေကြောင့်တော့ မဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံးကလပ်အသင်းတွေထဲက တစ်သင်းကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် လိဂ်အသစ်တစ်ခုနဲ့ ကစားသမားကောင်းအသစ်တွေကို တွေ့ကြုံရတော့မှာဖြစ်လို့ ကျွန်တော် အရမ်းပျော်ခဲ့ပါတယ်။”

“တစ်ချိန်တည်းမှာပဲ ချယ်လ်ဆီးအသင်း ကျွန်တော့်ရဲ့အသင်းဖော်တွေနဲ့ ပရိသတ်တွေကို ထားခဲ့ရတဲ့အတွက် နည်းနည်းတော့ ဝမ်းနည်းမိပါတယ်။ ကျွန်တော်အဲ့ဒီမှာ စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေ အများကြီးရခဲ့တယ်: ကျွန်တော်တို့ ကွန်းဖရန့်လိဂ်နဲ့ Club World Cup ဖလားတွေကို အတူတူ ရယူနိုင်ခဲ့ပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ ပရောဂျက်အသစ်အပေါ်မှာပဲ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားပြီး Allianz Arena ကွင်းကြီးရဲ့ အံ့မခန်းအငွေ့အသက်ကို ခံစားဖို့ မစောင့်နိုင်တော့ပါဘူး။”

“ဘောလုံးလောကဆိုတာ သံသရာလည်နေတာပါပဲ။ တခါတလေမှာ အရာရာက ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတတ်ဘူး။ ဒါကလည်း ကစားပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော် မာရက်စကာကို လေးစားပါတယ်။ သူ့ဆီကနေ အများကြီး သင်ယူခဲ့ရတယ်။ သူ့မှာ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကစားဟန်ရှိပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝ ဒီအဆင့်မှာတော့ မတူညီတဲ့အရာတစ်ခုကို လိုအပ်ခဲ့တာပါပဲ။ ကျွန်တော့်မှာ နောင်တလုံးဝမရှိပါဘူး။ ချယ်လ်ဆီးမှာရှိခဲ့တဲ့ အချိန်တွေအတွက် ကျေးဇူးတင်ခြင်းပဲ ရှိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version