ချယ်လ်ဆီးအသင်းရဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား နီကိုလပ်စ် ဂျက်ဆင်အနေနဲ့ တစ်နေ့မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘာလွန်းဒေါဆုလို ထိပ်တန်း တစ်ဦးချင်းဆုမျိုး ဆွတ်ခူးနိုင်တယ်ဆိုတာ ယုံကြည်ထားသင့်ကြောင်း ဆီနီဂေါ ဝါရင့် နောက်ခံလူ ကူလီဘလီက တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။
အသက် (၂၃)နှစ်အရွယ် ဆီနီဂေါ လက်ရွေးစင် ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဗီလာရီးယဲလ်ကနေ ချယ်လ်ဆီးအသင်းဆီ ရောက်လာခဲ့တာဖြစ်ပြီး သူရဲ့ ပွဲဦးထွက် ရာသီမှာပဲ ပြိုင်ပွဲစုံ (၁၇)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဒီရာသီမှာဆိုရင်လည်း (၆)ဂိုးအထိ သွင်းယူထားပါသေးတယ်။ ဒါပေမယ့် ဂျက်ဆင်ရဲ့ အခွင့်အရေး လွဲချော်မှုဟာလည်း တခြားတိုက်စစ်ကစားသမားတွေထက် ပိုမို များပြားလို့နေပါတယ်။
Photo Credit : Football Transfer
ဂျက်ဆင်အနေနဲ့ လက်ရှိ သူရဲ့ အရည်အချင်းတွေကိုသာ မြှင့်တင်နိုင်မယ်ဆိုရင် ဘာလွန်းဒေါလို ဆုမျိုးအထိပါ ဆွတ်ခူးနိုင်တယ်ဆိုတာ ယုံကြည်ထားသင့်ကြောင်း ချယ်လ်ဆီး ကစားသမားဟောင်း ကူလီဘလီက တိုက်တွန်းလိုက်ပါတယ်။ “သူ ဆက်ပြီး ဂိုးတွေ သွင်းယူနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”
“တိုက်စစ်မှူးအားလုံးရဲ့ ဘဝက ဂိုးတွေ သွင်းယူနိုင်ဖို့ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ နီကိုလပ်စ်ရဲ့ စိတ်နေသဘောထားနဲ့ ပင်ကိုစရိုက်တို့ဟာ ကောင်းမွန်ပါတယ်။ နောက်ပြီး ကျွန်တော့်အတွက်တော့ သူက ဆာဒီယို မာနေး လုပ်ဆောင်ခဲ့သလိုမျိုး ဆီနီဂေါရဲ့ ဇာတ်လမ်းတစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်လည်း သူ့ကို မာနေးရဲ့ ခြေလှမ်းတွေအတိုင်း လုပ်ဆောင်ဖို့ အမြဲပြောလေ့ရှိတယ်။”
Photo Credit : Senenews
“နောက်ပြီး သူက အာဖရိကရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာမယ်လို့ မျှော်လင့်ထားသလို ဘာကြောင့် ကမ္ဘာ့အကောင်းဆုံး မဖြစ်နိုင်ရမှာလဲ။ သူ့မှာ အရည်အချင်းတွေ ရှိနေပြီးတော့ အရာအားလုံးကလည်း သူရဲ့ခြေဖျားမှာ ရှိနေတာပါ။ နီကိုလပ်စ်က ဒီလိုလုပ်ဆောင်နိုင်မယ် ဆိုတာကို ယုံကြည်ရပါမယ်။ အဲ့ဒါက အရေးအကြးဆုံးပါပဲ။ ဘာလွန်းဒေါဆုကို ဆွတ်ခူးထားတဲ့ ကစားသမားတိုင်းကလည်း သူတို့ လုပ်နိုင်တယ်လို့ ယုံကြည်ခဲ့ကြတာပါ။”
“သူတို့အားလုံးက ဒီဆုကို ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်ထားကြတာမို့ ဒါကို နီကိုလပ်စ်က ခေါင်းထဲမှာ ထည့်ထားရပါမယ်။ ဒါက ကျွန်တော် သူ့ကို တစ်ကိုယ်ကောင်းဆန်ရမယ် အသင်းဖော်တွေကို လစ်လျူရှုရမယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘာလွန်းဒေါအကြောင်း စဉ်းစားရမှာဖြစ်ပြီး သူဒီဆုဖလား ကိုင်မြှောက်နေတဲ့ ပုံကို သူ့ခေါင်းထဲမှာ ထည့်ထားမယ်ဆိုရင် သူ အောင်မြင်လာနိုင်ပါတယ်။” လို့ ကူလီဘလီက အကြံပြုသွားခဲ့ပါတယ်။