MySport Myanmar

စပါးကို ဟက်ထရစ် သွင်းပြီး ရိုနယ်ဒိုရဲ့ “Siuuu”နဲ့ အောင်ပွဲခံခဲ့တဲ့ နီကိုလပ်စ် ဂျက်ဆန်

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးနဲ့ ချယ်လ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာတော့ ဧည့်သည် ချယ်လ်ဆီးက ၂ယောက်လျော့သွားတဲ့ အိမ်ရှင် စပါးကို တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်ရဲ့ ဟက်ထရစ်ကြောင့် ၁-၄ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ပါတယ်။

လန်ဒန်ဒါဘီပွဲစဉ် ဖြစ်တာနဲ့အညီ စပါးနဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြသလို အနိုင်ရလဒ် ရရှိရေး အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြပြီး အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြတာကြောင့် ပွဲကောင်း တပွဲ ဖြစ်ခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲမှာ နှစ်သင်းပေါင်း သွင်းဂိုး ၅ဂိုး အထိ သွင်းယူခဲ့သလို ပယ်ဖျက်ခံလိုက်ရတဲ့ သွင်းဂိုးကလည်း ၃ဂိုး အထိ ရှိခဲ့တာကြောင့် ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ပွဲပါ။ ပွဲရဲ့ အဖွင့်ဂိုးကိုတော့ အိမ်ရှင်စပါးက စတင် ရရှိခဲ့ပြီး စပါးရဲ့ တောင်ပံတိုက်စစ် ကစားသမား ကူလူဆက်စကီးက သွင်းယူပေးခဲ့တာပါ။

အဖွင့်ဂိုး ရရှိပြီးနောက် စပါးက ဆက်လက် တိုက်စစ်ဆင် ကစားခဲ့သလို ချယ်လ်ဆီးကလည်း ချေပဂိုး ပြန်ရဖို့ တိုက်စစ်ကို ဦးစားပေး ကစားခဲ့တာကြောင့် နှစ်သင်းပေါင်း သွင်းဂိုး ၃ဂိုး အထိ ထပ်မံ မြင်တွေ့ခဲ့ရပေမယ့် လူကျွံအနေအထားတွေ ၊ လက်ထိဘောတွေကြောင့် တရားဝင်ဂိုးတွေတော့ မဖြစ်ခဲ့ပါဘူး။

ပွဲချိန် ၂၇မိနစ် ဝန်းကျင်မှာတော့ ပွဲကို အလှည့်အပြောင်း ဖြစ်စေမယ့် ဖြစ်ရပ် တခု ဖြစ်ပွားခဲ့ပြီး အဲ့ဒါကတော့ စပါးဗဟိုနောက်ခံလူ ရိုမဲရိုးဟာ ဂိုးဧရိယာအတွင်းမှာ ချယ်လ်ဆီးကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို အန္တရာယ်များတဲ့ ဖျက်ထုတ်မှု လုပ်ခဲ့တာပါပဲ။ အဆိုပါ ဥပဒေပ ဖျက်ထုတ်မှုကြောင့် ရိုမဲရိုးဟာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရသလို ပင်နယ်တီပါ ပေးခဲ့ရပြီး ချယ်လ်ဆီး တောင်ပံကစားသမား ပါလ်မာက ပင်နယ်တီကို အမှားအယွင်း မရှိ ကန်သွင်းကာ ချယ်လ်ဆီးအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Talksports

ပွဲချိန် ၅၅မိနစ်မှာတော့ စပါးဘယ်နောက်ခံလူ အူဒိုဂီက ၂ဝါ ၁နီနဲ့ ထပ်မံ အထုတ်ပယ်ခံခဲ့ရပြီး ၉ယောက် ၊ ၁၁ယောက် ဖြစ်သွားချိန်မှာတော့ ချယ်လ်ဆီးက အနိုင်ဂိုး ရရှိရေး အတွက် စပါးကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ကာ ပွဲချိန် ၇၅မိနစ် ၊ ၉၄မိနစ်နဲ့ ၉၇မိနစ်တွေမှာ ချယ်လ်ဆီးတိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်က တဦးထဲ ၃ဂိုး သွင်းယူပြီး သူ့ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ဟက်ထရစ်ကို ရယူနိုင်ခဲ့ပါတယ်။

နီကိုလပ်စ် ဂျက်ဆန်က ချယ်လ်ဆီးအတွက် သွင်းဂိုး ၃ဂိုး သွင်းယူချိန်မှာ မတူညီတဲ့ အောင်ပွဲခံဟန် ၃မျိုးနဲ့ အောင်ပွဲခံသွားခဲ့ပြီး ပထမဂိုးမှာ ချယ်လ်ဆီးရဲ့ လိုဂိုကို နမ်းရှိုက်ပြခဲ့သလို ဒုတိယဂိုးမှာ ယူနိုက်တက်ကြယ်ပွင့် ရက်ဖို့ဒ်ရဲ့ အောင်ပွဲခံဟန်နဲ့ အောင်ပွဲခံပြခဲ့ပြီး ဟက်ထရစ် ဖြစ်စေမယ့် တတိယဂိုး သွင်းယူပြီးချိန်မှာတော့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ နာမည်ကျော် “Siuuu” အောင်ပွဲခံဟန်နဲ့ အကြီးအကျယ် အောင်ပွဲခံခဲ့ပါတယ်။

Exit mobile version