အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီလစ်ချ်ဟာ ပြီးခဲ့တဲ့ ရာသီက အပြောင်းအရွှေ့ နဲ့ လက်ရှိရာသီ အပြောင်းအရွေ့မှာ ဥရောပ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပေမယ့်လည်း ကမ်းလှမ်းမှုကိုတွေကို ပယ်ချခဲ့ပြီး အက်စတွန်ဗီလာအသင်းနဲ့ (၅) နှစ်စာချုပ် ထပ်တိုးခဲ့ပါတယ်။ တောင်ပံနေရာ နဲ့ ကွင်းလယ်နေရာ နှစ်နေရာမှာ ကစားနိုင်တဲ့ ဂရီလစ်ချ်ဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်ကို အက်စတွန်ဗီလာအသင်းမှာပဲ ကစားလာခဲ့ပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၆) ပွဲ ကစားခဲ့ရာမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၈) ဂိုး သွင်းယူခဲ့ပါတယ်။

Photo Credit: SkySports

ဂရီလစ်ချ်ဟာ အသက် (၆) နှစ်အရွယ်မှာ အက်စတွန်ဗီလာအသင်းရဲ့ အကယ်ဒမီအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အက်စတွန်ဗီလာအသင်းရဲ့ စီနီယာအသင်းမှာ လွန်ခဲ့တဲ့ (၂၀၁၁-၁၂) ရာသီကနေ လက်ရှိ (၂၀၁၉-၂၀) ရာသီအထိ၊ (၉) နှစ်ကြာအထိ ကစားလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းကို ငယ်ငယ်ကတည်းက အားပေးလာခဲ့တဲ့ ဂရီလစ်ချ်ဟာ (၂၀၁၅-၁၆) ခုနှစ် ရာသီမှာ ချန်ပီယံရှစ် ပြိုင်ပွဲကို တန်းဆင်းခဲ့စဉ်ကလည်း အသင်းပြောင်းရွှေ့ဖို့ မစဉ်းစားခဲ့ဘဲ အက်စတွန်ဗီလာအသင်းမှာ ဆက်နေခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲကို တန်းပြန်တတ်လာခဲ့ပါတယ်။

Photo Credit: Skysports

ဂျက်ဂရီလစ်ချ်ဟာ အက်စတွန်ဗီလာအသင်းနဲ့ (၅) နှစ်ကြာ စာချုပ်သစ် မချုပ်ခင်မှာ တစ်ပတ်ကို ပေါင် (၇၄,၀၀၀) ရရှိနေခဲ့တာ ဖြစ်ပြီး မန်ယူအသင်း နဲ့ အာဆင်နယ်အသင်းတို့ အပါအဝင် ဥရောပ အသင်းကြီးတွေရဲ့ မက်လုံးပေး ကမ်းလှမ်းမှုကို ခံခဲ့ရပေမယ့် အသင်းမပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးမှာ ဂရီလစ်ချ်က “ကျွန်တော် ဗီလာအသင်းမှာ စိတ်နှစ်မြုပ်နိုင်လို့ ပျော်ရွှင်ပါတယ်။ ဒီအသင်းက ကျွန်တော့်အသင်း နဲ့ ကျွန်တော့်အိမ် ဖြစ်ပြီး ဒီမှာ အလွန် ပျော်ပါတယ်။ အသင်းပိုင်ရှင်တွေက သူတို့မှာ ဘယ်လို ရည်မှန်းချက် ရှိလဲ ဆိုတာ နဲ့ အက်စတွန်ဗီလာအသင်းကို ဘယ်လို တည်ဆောက်ချင်လဲ ဆိုတာကို ရှင်းလင်းစွာ ပြောပြခဲ့ပါတယ်။ အနာဂတ်မှာ စိတ်လှုပ်ရှားစရာ အချိန်တွေ ရှိလာမှာ ဖြစ်ပြီး ကျွန်တော် အဲဒီအရာတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ရဖို့အတွက် အလွန် ပျော်ရွှင်နေပါတယ်”လို့ အခိုင်အမာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ဘရန်ဖို့ဒ်အသင်းကနေ တိုက်စစ်မှူး ဝက်ကင်းစ်ကို ခေါ်ယူခဲ့ပြီ ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ဂိုးသမား မာတီနက်စ်ကိုလည်း ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။