MySport Myanmar

ပွဲထွက်ကစားခွင့်အတွက် အပြိုင်အဆိုင် ဖြစ်လာရမှာကို နှစ်သက်တယ်လို့ ဂရီးလစ်ရှ် ပြောဆို

မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင်တစ်ဦးဖြစ်တဲ့ ဂျက်ဂရီးလစ်ရှ်ဟာ လက်ရှိမှာ အသင်းကို ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့ နော်ဝေကြယ်ပွင့် အာလင်းဟော်လန်း ရောက်ရှိလာချိန် ဝမ်းမြောက်မိကြောင်းနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဟော်လန်းလို ကစားသမားကောင်းတစ်ဦး ထပ်တိုးရောက်လာတာကြောင့် အသင်းရဲ့ တိုက်စစ်ကစားသမားတွေကြား ပွဲထွက်ကစားခွင့်အတွက် အပြိုင်အဆိုင် ဖြစ်လာရမှာကိုလည်း နှစ်သက်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အက်စတွန်ဗီလာအသင်းကနေ မန်စီးတီးအသင်းဆီကို စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၁၀၀)နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဂရီးလစ်ရှ်ဟာ သူရဲ့ စီးတီးကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ထင်ထားသလောက် ခြေစွမ်းပြနိုင်ခြင်း မရှိပဲ ပရီးမီးယားလိဂ်မှာ (၃)ဂိုးသွင်း (၃)ဂိုးသာ ဖန်တီးနိုင်ခဲ့ပါတယ်။ မန်စီးတီးလို ထိပ်တန်းကစားသမားတွေ အသင်းနှစ်သင်းစာ ပိုင်ဆိုင်ထားတဲ့ အသင်းမျိုးမှာ ဂရီးလစ်ရှ်က သူရဲ့ ပွဲဦးထွက်ရာသီအတွင်း ပရီးမီးယားလိဂ် (၂၂)ပွဲသာ ပွဲထွက်ခွင့် ရရှိခဲ့ပြီး (၁၂)ပွဲအထိ လူစာရင်းမှာ မပါဝင်နိုင်ခဲ့/အရန်စာရင်းမှာ ပါဝင်ပြီး လူစားမဝင်ခဲ့ရပဲ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Clutch Points

လက်ရှိမှာတော့ မန်စီးတီးအသင်းကို အာလင်းဟော်လန်းနဲ့ ယူလီလန်အဲလ်ဗာရက်ဇ်တို့လို တိုက်စစ်ကစားသမားသစ်တွေ ရောက်ရှိလာခဲ့ပြီဖြစ်လို့ အသင်းရဲ့ တိုက်စစ်ပိုင်းရှိ ကစားသမားတွေကြားမှာ ပွဲထွက်ကစားခွင့်အတွက် အပြိုင်အဆိုင်တွေ ပိုမိုရှိလာနိုင်ပြီး ဒီလိုပြိုင်ဆိုင်မှု ရှိလာတဲ့အပေါ် နှစ်သက်သဘောကျမိတယ်လို့ ဂရီးလစ်ရှ်ကိုယ်တိုင် ပြောဆိုသွားခဲ့ပါတယ်။ ဂရီးလစ်ရှ်က “ဟော်လန်းလို ကစားသမားမျိုးကို ခေါ်ယူလိုက်နိုင်ခဲ့တာက တကယ့်ကို အကောင်းဆုံးပါပဲ။ ကျွန်တော်အပါအဝင် ကစားသမားတွေကြားမှာ ပြိုင်ဆိုင်မှုတွေ ကောင်းမွန်လာနိုင်တာဖြစ်လို့ အသင်းသားတွေရဲ့ ခြေစွမ်းပိုင်းတွေလည်း တိုးတတ်လာအောင် ကူညီနိုင်ပါလိမ့်မယ်။ ကျွန်တော်ရဲ့ ကလပ်အသင်းကို အကောင်းဆုံး ဖြစ်စေချင်တာကြောင့် အခုလို အသင်းဘက်က ကစားသမား ခေါ်ယူမှုတွေ ကြီးကြီးမားမား လုပ်ဆောင်တာမျိုးကို အရမ်းသဘောကျပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ မန်စီးတီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ စတာလင် ဂျေဇူး မာရက်ဇ် ဖိုဒန် ဂရီးလစ်ရှ်တို့အပြင် ဟော်လန်း အဲလ်ဗာရက်ဇ်တို့လို ကစားသမားသစ်တွေ ရှိနေကြတဲ့အပြင် လူငယ်တိုက်စစ်ကစားသမားတွေပါ ရှိနေတာကြောင့် ပွဲထွက်ခွင့်တွေ အပြိုင်အဆိုင် ဖြစ်လာရနိုင်ပါတယ်။

Exit mobile version