မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဝုလ်ဗ်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအတွက် ဗွေဆော်ဦးဂိုးကို ပွဲကစားချိန် တစ်မိနစ်မပြည့်ခင်လေးမှာပဲ သွင်းယူပေးနိုင်ခဲ့တဲ့ ဂျက်ဂရီးလစ်ရှ်က သူ့အနေနဲ့ သွင်းဂိုးတွေရော ဂိုးဖန်တီးမှုတွေပါ ခပ်များများ လုပ်ဆောင်ပေးသွားမယ်လို့ မန်စီးတီး ပရိသတ်တွေကို ကတိပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SINDOnews

အင်္ဂလန်လက်ရွေးစင် ကစားသမား ဂရီးလစ်ရှ်ဟာ မနှစ်က ဘောလုံးရာသီကမှ အက်စတွန်ဗီလာကနေ မန်စီးတီးအသင်းဆီကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်းတစ်ရာနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ မန်စီးတီး ကစားသမားဘဝ ပထမဆုံးရာသီမှာ အသင်းအတွက် (၆)ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု (၄)ကြိမ်ပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီထဲ ပွဲစဉ်(၃၇)မှာ ဝက်စ်ဟမ်းဘက်ကို ဂိုးသွင်းယူပြီးနောက်ပိုင်းကတည်းက ဂိုးပေါက်ပျောက်နေခဲ့ရသလို ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ပွဲမှာပါ အသင်းအတွက် စွမ်းဆောင်မှုကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့အတွက် ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Kompas Bola

ဒါပေမယ့် ဂရီးလစ်ရှ်ကို မန်စီးတီးနည်းပြ ဂွာဒီယိုလာက ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့သလို အသင်းရဲ့ ပွဲထွက်လူစာရင်းမှာပါ ယုံယုံကြည်ကြည် နေရာပေးလာခဲ့တာကြောင့် ဝုလ်ဗ်နဲ့ ပွဲစဉ်မှာပဲ ဂရီးလစ်ရှ်က သူရဲ့ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဂိုးပေါက်ပြန်တွေ့ခဲ့တဲ့ ဂရီးလစ်ရှ်က “ဒါက အချိန်ကြာမှာ ပြန်ရောက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီး ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂိုးသွင်းပြီး နောက်ပိုင်းကတည်းက ဂိုးထပ်မသွင်းနိုင်ခဲ့တာ။ အခုတော့ ရာသီအစပိုင်းမှာပဲ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့တာ အရမ်းကောင်းပါတယ်။ နောက်ပြီး အသင်းကလည်း အသင်းကောင်းတွေနဲ့ ယှဉ်ပြိုင်ရချိန်မှာ (၃)မှတ် ရယူနိုင်တာ ကောင်းမွန်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် ရလဒ်ကောင်းတစ်ခုပါပဲ။ ကျွန်တော် ဂိုးတွေ သွင်းယူပြီး ဂိုးဖန်တီးမှုတွေ များများ လုပ်ဆောင်နိုင်သင့်တယ်။ ကျွန်တော် လုပ်ဆောင်နိုင်တဲ့ တစ်ခုတည်းသောအရာက ဂိုးတွေသွင်းပြီး ဂိုးဖန်တီးမှုတွေ လုပ်ဆောင်ဖို့ပါ။ ကျွန်တော့်အကြောင်း လူတွေ ပြောကြတဲ့အခါ ကျွန်တော့်ကို ခေါ်ယူခဲ့ရတဲ့ တန်ကြေးနဲ့အတူ ယှဉ်ပြီး အမြဲပြောကြပါတယ်။ “ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုရင် အက်စတွန်ဗီလာမှာ ရှိခဲ့စဉ်ကတောင် ပရီးမီးယားလိဂ် နှစ်ရာသီလုံးမှာ (၁၄) (၁၅) ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။ သွင်းဂိုးတွေဆိုတာ ကျွန်တော်ရဲ့ပွဲတွေတိုင်းမှာ ထည့်သွင်းချင်တဲ့ အရာပါ။ အသင်းနဲ့ အသင်းပရိသတ်တွေအတွက် ဒီလို စွမ်းဆောင်မှုတွေ ထပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ အကောင်းဆုံးလည်း ကြိုးစားသွားပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။