မန်ချက်စတာယူနိုက်တက်အသင်းအပါအဝင် ပရီးမီးယားလိဂ်ရဲ့ထိပ်တန်း ကလပ်အသင်းတော်တော်များများကနေ ခေါ်ယူဖို့အတွက် စိတ်ဝင်တစားဖြစ်နေရတဲ့ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂျက်ဂါရီးလစ်ရှ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဗီလာကနေထွက်ခွာပြီး အခြားသော အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ကစားဖို့ အစီအစဉ်ရှိနေသလို အခုလည်း သူရဲ့အနှစ်သက်ရဆုံး ကျောနံပါတ်က မန်ချက်စတာယူနိုက်တက်အသင်းမှာ ခရစ္စတီယာနိုရော်နယ်ဒို ဝတ်ဆင်သွားခဲ့တဲ့ ကျောနံပါတ်(၇)ဖြစ်တယ်လို့ ပြောဆိုလာခဲ့တဲ့အတွက် သူနဲ့ယူနိုက်တက်အသင်းကြား သတင်းတွေ ပိုမိုလှုပ်ခတ်လာခဲ့ရပါတယ်။

Photo Credit : TEAMtalk

အသက်(၂၄)နှစ်အရွှယ် အင်္ဂလန်ကွင်းလယ်ကစားသမား ဂါရီးလစ်ရှ်က ဒီနှစ်ရာသီမှ သူရဲ့အက်စတွန်ဗီလာအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် လာရောက်ကစားခဲ့ရတာဖြစ်ပေမယ့်လည်း သူရဲ့တောက်ပလှတဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အချိန်တိုလေးအတွင်းမှာပဲ အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုကို ပိုင်ဆိုင်လာခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂါရှီးလစ်ရှ်ကို မန်ချက်စတာအသင်း(၂)သင်းလုံးကရော လီဗာပူးလ် စပါးအသင်းတို့ကပါ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပြီး ဒီအသင်းတွေထဲကမှ ဂါရှီးလစ်ရှ်ဟာ ပေါ့ဘာနဲ့ လက်တွဲဖြုတ်ဖွယ်ရှိနေတဲ့ ယူနိုက်တက်အသင်းဆီ ရောက်ရှိဖို့ နီးစပ်လို့နေပါတယ်။

Photo Credit : The Sun

ဒီလို ယူနိုက်တက်အသင်းနဲ့ သတင်းထွက်လို့နေတဲ့ ဂါရှီးလစ်ရှ်ဟာ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ အင်စတာဂရမ်ပေါ်က အမေးအဖြေအစီအစဉ်တစ်ခုမှာလည်း သူအကြိုက်ဆုံးသော ကျောနံပါတ်အကြောင်း မေးမြန်းလာခဲ့ရာမှာ လက်ရှိ ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒို အသင်းဟောင်း ယူနိုက်တက်အသင်းမှာ ရှိစဉ်တုန်းက ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၇)ကို အနှစ်သက်ဆုံးလို့ ပြန်လည်ဖြေဆိုလာခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက်အသင်းရဲ့ ကျောနံပါတ်(၇)ပိုင်ရှင်က အင်တာမီလန်မှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ အလက်ဆစ်ဆန်းချက်ဇ်ဖြစ်ပေမယ့်လည်း ဆန်းချက်ဇ်က လာမယ့်ရာသီအထိ အသင်းမှာ ဆက်လက်ရှိနေဖို့ မသေချာတော့သလို ရော်နယ်ဒိုနောက်ပိုင်းကတည်းက (၇)ကို ဝတ်ဆင်ခဲ့သော ဒီပိုင်း ဒီမာရီယာ ဆန်းချက်ဇ်တို့မှာလည်း အရင်ကျောနံပါတ်(၇)ပိုင်ရှင်တွေဖြစ်တဲ့ ကန်တိုနာ ဒေးဗစ်ဘက်ခမ်း ရော်နယ်ဒိုတို့လောက်ကို ခြေစွမ်းမပြနိုင်ကြပါဘူး။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ ဂါရှီးလစ်ရှ်ကို ခေါ်ယူဖြစ်မယ်ဆိုရင် သူသဘောကျတဲ့ ကျောနံပါတ်(၇)ကို ဝတ်ဆင်ခိုင်းမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။