မန်ချက်စတာ စီးတီးရဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်က သူ့အနေနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းနဲ့အတူပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးကို ပါဝင်ဆင်နွဲခွင့် ရရှိခဲ့သင့်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် (၂၉)နှစ်အရွယ် ဘယ်တောင်ပံကစားသမား ဂရီးလစ်ရှ်ဟာ အင်္ဂလန်အသင်းရဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ (၃၃)ယောက် training squad ထဲတော့ ပါဝင်ခဲ့ပေမယ့်လည်း အပြီးသတ် ရွေးချယ်ခဲ့တဲ့ အပြီးသတ် ကစားသစားရင်းမှာတော့ ပါဝင်လာခြင်းမရှိဘဲ ချန်လှပ်ခံခဲ့ရပါတယ်။

Photo Credit : Transfermarket

အင်္ဂလန်နည်းပြဟောင်း ဂါရတ် ဆောက်ဂိတ်က ယူရို-၂၀၂၄ပြိုင်ပွဲအတွက် ဂရီးလစ်ရှ် အပါအဝင် မက်ဂွိုင်းယား ၊ ဂျိမ်းစ် မက်ဒီဆင်နဲ့ ကာတစ်ဂျုံးစ်တို့ကိုပါ အပြီးသတ် လူစာရင်းကနေ ချန်လှပ်ခဲ့ပေမယ့် အသင်းကိုတော့ ယူရိုဖိုင်နယ်အဆင့်ထိ (၂)ကြိမ်ဆက်တိုက် ပို့ဆောင်ပေးခဲ့သလို နှစ်ကြိမ်လုံးလည်း ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

လက်ရွေးစင်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲကြီးကို ဆင်နွဲခွင့် မရခဲ့တာနဲ့ ပတ်သက်ပြီး ဂရီးလစ်ရှ်က “ကျွန်တော် ခင်ဗျားကို ရိုးရိုးသားသားပဲ ပြောပါမယ်။ ကျွန်တော့်ကို မရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ ကျွန်တော် တကယ် သဘောမတူပါဘူး။ ကွင်းထဲမှာ နေရာတိုင်းအတွက် ဟန်ညီချက်ဖို့က လိုအပ်နေပြီး ကျွန်တော်ကိုယ်တိုင်လည်း အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ထားပါတယ်။”

Photo Credit : beIN SPORTS

“အခုအချိန်မှာ ကျွန်တော့်ကို ယူရိုလူစာရင်းထဲ ပါသင့်လားလို့ လာမေးရင် ပါသင့်တယ်လို့ပဲ ပြန်ဖြေမိပါမယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူးဆိုတာတော့ သိသာထင်ရှားပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဂရီးလစ်ရှ်က အခုလို ယူရိုပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတာဟာ သူ့ကစားသမားဘဝတစ်လျှောက် အဆိုးရွှားဆုံးသော အချိန်ကာလတစ်ခု ဖြစ်ခဲ့ရတယ်လို့ ဝန်ခံထားခဲ့ပါတယ်။

အခုတော့ ဂရီးလစ်ရှ်ဟာ အင်္ဂလန်ရဲ့ ယာယီနည်းပြ လီ ကာစလေ လက်ထက်မှာ အင်္ဂလန်အသင်းအတွက် ပြန်လည် ရွေးချယ်ခံထားရပြီး အိုင်ယာလန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ UEFA Nations League ပွဲစဉ်မှာလည်း အင်္ဂလန်အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ပါသေးတယ်။