ပရီးမီးယားလိဂ်ရဲ့လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကတော့ သူတို့အသင်းရဲ့ အဓိကဂိုးသမား အယ်လီဆန်ဘတ်ကာ ဒဏ်ရာရရှိနေတဲ့အပြင် အသင်းရဲ့အရန်ဂိုးသမား အက်ဒရီယန်မှာလည်း အသင်းအတွက် ပြန်လည်ကစားပေးခဲ့တဲ့ ပွဲစဉ်မှာပဲ အက်စတွန်ဗီလာအသင်းဘက်ကို (၇)ဂိုးအထိ ခွင့်ပြုပေးခဲ့ရတာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ပြည်တွင်းမှာ ကစားသမား အပြောင်းအရွှေ့လုပ်လို့ရနေသေးတာမို့ စတုတ်စီးတီးအသင်းရဲ့ဂိုးသမား ဂျက်ဘတ်လန်းကို အရခေါ်ယူသွားဖွယ် ရှိလို့နေပါတယ်။

Photo Credit : Metro

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်း ဘတ်လန်းဟာ စတုတ်စီးတီးအသင်းမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမားကောင်းတစ်ယောက်ဖြစ်ပေမယ့်လည်း အသင်းက ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီ တန်းဆင်းသွားခဲ့ပြီးနောက်မှာ သူရဲ့လက်စွမ်းတွေကလည်း တဖြည်းဖြည်းကျဆင်းလာခဲ့သလို လည်ပင်းဒဏ်ရာကြောင့် ဇူလိုင်လကတည်းက အနားယူနေရပြီး သူရဲ့နံပါတ်တစ်နေရာကပါ ပျောက်ဆုံးသွားခဲ့ရပါတယ်။ ဒီလို နေရာပျောက်ဆုံးနေတဲ့ ဘတ်လန်းကို အခုအခါမှာတော့ လီဗာပူးလ်အသင်းကနေ ရေတိုစီမံကိန်းအဖြစ်နဲ့ သူတို့အသင်းဆီ ခေါ်ဆောင်သွားဖို့ စတင်ပြင်ဆင်လာခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Mirror

လီဗာပူးလ်အသင်းရဲ့ ပင်တိုင်ဂိုးသမားအယ်လီဆန်ဟာ လက်ရှိဒဏ်ရာပြသာနာကြောင့် (၆)ပတ်ခန့်လောက်အထိ အနားယူရမှာဖြစ်လို့ အသင်းက အရန်ဂိုးသမားဖြစ်တဲ့ အက်ဒရီယန်ကို ဗီလာနဲ့ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စတင်အသုံးပြုလာခဲ့ရာ မမျှော်လင့်ထားတဲ့ ရလဒ်အဖြစ်နဲ့ ဗီလာအသင်းကို (၇)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒီပွဲမှာ အက်ဒရီယန်ရဲ့အမှားတွေ မသေသပ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့်မို့ အဲဗာတန်အသင်းနဲ့ မာဆေးဆိုက်ဒါဘီပွဲမတိုင်ခင်မှာ အပြောင်းအရွှေ့လုပ်လို့ရနေသေးတဲ့ စတုတ်စီးတီးအသင်းဆီကနေ ဂိုးသမားဂျက်ဘတ်လန်းကို အရခေါ်ယူသွားဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ ဘတ်လန်းဟာ လာမယ့် ၂၀၂၁ခုနှစ်မှာပဲ စတုတ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ လီဗာပူးလ်ဘက်ကနေ ဘတ်လန်းကို Cut-Price နဲ့ ခေါ်ယူနိုင်မှာဖြစ်သလို သူရဲ့လက်ရှိတန်ကြေးကလည်း ယူရို(၆)သန်းဝန်းကျင်လောက်သာ ရှိနေပါတယ်။ လီဗာပူးလ်အနေနဲ့ လက်ရှိမှာ ဂိုးသမားတစ်ယောက်ကို အသည်းအသန်လိုအပ်နေတာဖြစ်လို့ အခုလို နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာပဲ ဘတ်လန်းကို ခေါ်ယူပြီး အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ရမယ့် ဒါဘီပွဲစဉ်မှာ စတင်အသုံးပြုလာဖွယ် ရှိနေပါတယ်။