မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ဂျက်စတမ်းက အသင်းအပေါ် ချစ်မြတ်နိုးစိတ်ကြောင့် အသင်းဘက်ကသာ အလိုရှိမယ်ဆိုရင် အသင်းနဲ့ ပူးပေါင်းသွားဖို့ အဆင့်သင့် ရှိနေကြောင်းနဲ့ အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ နည်းပြအဖွဲ့ဝင် ပါဝင်သွားမှာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
Photo Credit : Setanmerah
လက်ရှိမှာ အသက်(၅၀)အရွယ် ရှိနေပြီဖြစ်တဲ့ နယ်သာလန် ကစားသမားဟောင်းကြီး စတမ်းဟာ ကစားသမားဘဝတုန်းက ယူနိုက်တက်အသင်းမှာ ၁၉၉၈ခုနှစ်ကနေ ၂၀၀၁ခုနှစ်ထိ ပါဝင်ကစားခဲ့သလို ၁၉၉၉ခုနှစ်မှာ အသင်းနဲ့ ဖလား(၃)လုံး ချန်ပီယံပါ ဖြစ်ခဲ့ရပါတယ်။ စတမ်းက ယူနိုက်တက်မှာ (၃)ရာသီသာ ပါဝင်ကစားခဲ့ပေမယ့် အသင်းအပေါ် ချစ်မြတ်နိုးစိတ် ကြီးမားတာကြောင့် တကယ်လို့ အသင်းဘက်က ဒါမှမဟုတ် သူရဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က အလိုရှိမယ်ဆိုရင် ပူးပေါင်းသွားဖို့ အဆင့်သင့် ရှိနေတယ်လ်ို့ ပြောကြားလာခဲ့ပါတယ်။
Photo Credit : The Sun
အသင်းဟောင်း ယူနိုက်တက်နဲ့ ပတ်သတ်ပြီး စတမ်းက “ကျွန်တော် ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ စကားမပြောဖူးပါဘူး။ အသင်းရဲ့ ဘယ်သူကမှ အကြောင်းပြချက် တစ်ခုခုနဲ့ ခေါ်တာမျိုးလည်း မရှိပါဘူး။ ဒါပေမယ့် ဘောလုံးမှာ ဒီလိုပါပဲ။ နည်းပြသစ် ရောက်လာတဲ့အခါမျိုး အဲ့ဒီနည်းပြက သူနဲ့ သိတဲ့သူ ယုံကြည်တဲ့သူတွေနဲ့ အချို့သော နည်းလမ်းတွေနဲ့ ကူညီပေးနိုင်သူများကိုပဲ သူရဲ့ နည်းပြအဇွဲ့ဝင်တွေအဖြစ် ဖိတ်ခေါ်တတ်ပါတယ် ။ ဒါပေမယ့် ကျွန်တော် အရင်က ပြောခဲ့သလိုပဲ ယူနိုက်တက်က ကျွန်တော် နှစ်သက်တဲ့ အသင်းပါ။ ကျွန်တော်က အဲ့ဒီမှာ ကစားသမားတစ်ယောက်အနေနဲ့ သာမန်လူတစ်ဦးအနေနဲ့ပါ ကြီးပြင်းလာခဲ့တယ်။ သူတို့က ကျွန်တော့်ကို ပိုသန်မာလာအောင် လုပ်ပေးနိုင်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ဘယ်လို ကစားသမားမျိုးလဲဆိုတာ သိလာအောင်လည်း လုပ်ပေးနိုင်တယ်။ ကျွန်တော် ဒီအသင်းနဲ့လည်း သမိုင်းတွေ ရေးထိုးခဲ့တယ်။ ဒါကြောင့် သူတို့တွေသာ ကျွန်တော့်ကို လိုအပ်မယ်ဆိုရင် သူတို့ကို ဘယ်နည်းနဲ့မဆို ကူညီပေးနိုင်မယ်ဆိုရင် ကျွန်တော့်ဘက်က အမြဲတမ်း ကူညီပေးသွားဖို့ အဆင့်သင့်ပါပဲ” လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။