ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ နယ်သာလန်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူကြီး ဂျက် စတမ်းကတော့ မကြာသေးမီကပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့ ကတောက်ကဆ ဖြစ်ခဲ့တဲ့ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ အသင်းကနေ ထွက်ချင်လို့ အခုလိုမျိုး ပြဿနာ တက်မယ့် လုပ်ရပ်တွေကို လုပ်နေတာလို့ ဝေဖန် သုံးသပ်သွားခဲ့ပါတယ်။

အသက် ၅၀ အရွယ် နယ်သာလန် ဂန္တဝင် နောက်ခံလူကြီး ဂျက် စတမ်းက မန်ချက်စတာ ယူနိုက်တက်မှာ ၁၉၉၈ခုနှစ် ကနေ ၂၀၀၁ခုနှစ် အထိ ကစားခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၃ရာသီသာ ကစားခဲ့ပေမယ့် သူ့ရဲ့ ခံစစ်ကြောင်းအပေါ် လွှမ်းမိုးမှုတွေ ၊ အသင်းရဲ့ အောင်ပွဲတွေ အတွက် အားသွန်ခွန်စိုက် ကြိုးစားပေးမှုတွေကြောင့် အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်သလို အသင်းရဲ့ ဂန္တဝင် ကစားသမားတွေထဲက တဦး အဖြစ်ပါ သတ်မှတ်ခံထားရသူပါ။ စတမ်းက မန်ချက်စတာ ယူနိုက်တက်နဲ့ ၃ရာသီ ကစားခဲ့ရာ ပရီးမီးယားလိဂ် ဆုဖလား ၃ကြိမ် ၊ ချန်ပီယံလိဂ် ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ်နဲ့ အင်တာကွန်တီရှင်နယ်ဖလား ၁ကြိမ်တို့ကို (ယခု ကမ္ဘာ့ကလပ်ဖလား) ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကလည်း ယူနိုက်တက်ရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂျူဗင်တပ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ တကျော့ပြန် ပြန်ပြောင်းလာခဲ့သူပါ။

ရိုနယ်ဒိုက ယူနိုက်တက်ထံ ပြန်လည် ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာကာ ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပြီး သူ့ကို ခေါ်ချင်တဲ့ ထိပ်သီးအသင်းတွေ မရှိခဲ့တာကြောင့်သာ မန်ချက်စတာ ယူနိုက်တက်မှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့တာကြောင့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့ ရိုနယ်ဒိုတို့ရဲ့ ကြားထဲမှာ ဆက်ဆံရေး မကျေလည်မှုတွေ ရှိနေခဲ့ကာ ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ မန်ယူ ၂-၀ စပါး ပွဲစဉ်မှာ ဆိုရင်လည်း ရိုနယ်ဒိုက ပွဲမပြီးခင်မှာပဲ ကွင်းထဲကနေ ထွက်သွားခဲ့ပါတယ်။ အဆိုပါ လုပ်ရပ်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုကို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် ပိတ်တာ ၊ ဒဏ်ကြေး ပေးဆောင်ခိုင်းတာတွေ လုပ်ကာ အပြစ်ပေး အရေးယူခဲ့ပြီး ဂျက် စတမ်းကတော့ ရိုနယ်ဒို တယောက် အခုလို အသင်းကို အတိုက်အခံ လုပ်နေတာဟာ အသင်းကနေ ထွက်ချင်လို့ ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

ဂျက် စတမ်းက – “ရိုနယ်ဒို တယောက် ကွင်းထဲကနေ ထွက်သွားတာဟာ အသင်းနည်းပြ ၊ အသင်းနဲ့ အသင်းမှာ ရှိတဲ့ လူတိုင်းကို မလေးစားတဲ့ လုပ်ရပ်တခုပါ။ ဒါက အတော်ကို ကြီးမားတဲ့ ကိစ္စရပ် တခုပါ။ ပြီးတော့ သူက အခုလိုမျိုး ကွင်းထဲကနေ ထွက်သွားရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ကောင်းကောင်းကြီး သိတဲ့ လူပါ။ ဒါကြောင့် ဒီလိုမျိုး လုပ်ရပ်တွေ လုပ်နေတာဟာ ရိုနယ်ဒိုက တခုခု ဖြစ်လာအောင် (အသင်းကနေ ထွက်ခွင့်ရအောင်) ရည်ရွယ်ပြီး လုပ်နေတယ် ဆိုတာကို သိသာစေပါတယ်။ ရိုနယ်ဒိုက သူ လိုချင်တာ ရဖို့ အခုလိုမျိုး လုပ်နေတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ရိုနယ်ဒိုလို ကစားသမားမျိုးက ဒီလိုမျိုး လုပ်ခဲ့တာကို အခုထိ လက်ခံဖို့ ခက်ခဲနေတုန်းပါပဲ” လို့ ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။