မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီးဖြစ်တဲ့ ဂျက်စတမ်းက အေဂျက်စ်အသင်းကို ကိုင်တွယ်နေတဲ့ နယ်သာလန်လူမျိုး နည်းပြအဲရစ်တန်ဟက်က ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့အတွက် ထိုက်တန်မှု အရှိဆုံး နည်းပြတစ်ယောက် ဖြစ်တယ်လို့ ထောက်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Tribal Football

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဂျာမနီလူမျိုး ဝါရင့်နည်းပြကြီး ရန်းနစ်ကို ယာယီနည်းပြအဖြစ် ဒီနှစ်ရာသီကုန်အထိ တာဝန်ပေးထားပြီး ရာသီအကုန်မှာတော့ ရန်းနစ်ကို အသင်းရဲ့ အကြံပေးအဖြစ် ရာထူးပြောင်းလဲမှာဖြစ်သလို အမြဲတမ်း နည်းပြတစ်ဦးကိုပါ ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို အေဂျက်စ်နည်းပြ တန်ဟက်တို့ကို အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး လူငယ်ကစားသမားတွေနဲ့ အသင်းကို အကောင်းဆုံး ပြုစုပျိုးထောင်နေသူုဖြစ်တဲ့ နည်းပြတန်ဟက်က ယူနိုက်တက်နည်းပြ ဖြစ်လာသင့်တဲ့သူလို့ နယ်သာလန် နောက်ခံလူဟောင်းကြီး စတမ်းက ထောက်ခံသွားခဲ့ပါတယ်။

Photo Credit : Football365

ဂျက်စတမ်းက “တန်ဟက်က အေဂျက်စ်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်တဲ့သူ ဖြစ်ပြီးတော့ အသင်းကိုလည်း နယ်သာလန်မှာရော ဥရောပနယ်ပယ်ထဲမှာပါ ကလပ်အသင်းတိုင်းအတွက် ရင်ဆိုင်ရ ခက်ခဲစေတဲ့ ပြိုင်ဘက်မျိုးဖြစ်အောင် ဖန်တီးနိုင်ခဲ့ပါတယ်။ သူက ကစားသမားတွေကို ဘာတွေလုပ်ဆောင်ဖို့ လိုနေသလဲဆိုတာကို ညွှန်ပြပေးတဲ့ နေရာမှာ အရမ်းတော်သလို တစ်ဦးကောင်း ကစားသမားတွေရဲ့အရည်အသွေးတွေ တိုးတတ်လာအောင် လုပ်ဆောင်ပေးနိုင်သူလည်း ဖြစ်ပါတယ်။ အေဂျက်စ်မှာဆိုရင် သူက လူငယ်ကစားသမားလေးတွေကို ပြုစုပျိုးထောင်ပေးပြီး အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေ တိုးတတ်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တာ သိသာထင်ရှားပါတယ်။ မန်ချက်စတာယူနိုက်တက်က သူ့အတွက်တော့ နယ်သာလန်မှာ သူ ကြုံတွေ့ခဲ့ရတာတွေနဲ့ ယှဉ်ပြီး နောက်ထပ် ရင်ဆိုင်ရမယ့်အရာ ဖြစ်လာပါလိမ့်မယ်။ သူရဲ့နည်းပြအလုပ်အတွက် ဒီခြေလှမ်းကို လှမ်းသင့်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ််။ အသက်(၅၂)နှစ်အရွှယ် နယ်သာလန်လူမျိုး နည်းပြတန်ဟက်ဟာ အေဂျက်စ်အသင်း ၂၀၁ရခုနှစ်ကနေ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းကို ပြည်တွင်းမှာသာမကပဲ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ အသင်းကြီးတွေအတွက် ရင်ဆိုင်ရခက်စေနိုင်တဲ့ အသင်းကောင်းတစ်သင်း ဖြစ်နေအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။