ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားသူဌေးကြီး ရိုမန်အေဘရာမိုဗစ်အပေါ် ဗြိတိန်အစိုးရကနေ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်လာခဲ့ရင်းနဲ့ ချယ်လ်ဆီးအသင်းကိုပါ ထိခိုက်နစ်နာမှုတွေများစွာ ဖြစ်ပေါ်လာခဲ့ပြီး အသင်းရဲ့ မရောရာတော့တဲ့ အခြေအနေတွေကြောင့် အသင်းသားတွေ အပါအဝင် အသင်းနည်းပြ သောမတ်စ်တူဟယ်လ်ရဲ့ အနာဂတ်လည်း လှုပ်ခတ်လာနိုင်သလို တူဟယ်လ်ကိုလည်း မန်ချက်စတာယူနိုက်တက်အသင်းက ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Tuchel says Chelsea update 'ruined my evening' after Champions League win  over Lille

Photo Credit : Football365

ဂျာမနီလူမျိုး ဘောလုံးနည်းပြ တူဟယ်လ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ချယ်လ်ဆီးကို ရောက်ရှိလာတာဖြစ်ပြီး အသင်းကို ရာသီဝက်ကနေ ကိုင်တွယ်ခဲ့ရပေမယ့်လည်း ဥရောပ ချန်ပီယံလိဂ်ဆုဖလား ပိုင်ဆိုင်နိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့အပြင် ဒီရာသီမှာလည်း အသင်းကို အကောင်းဆုံး အနေအထား ဖြစ်နေအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အသင်းအတွင်း ပိုင်ရှင်အပြောင်းအလဲ ဖြစ်လာတော့မယ့် အခြေအနေနဲ့အတူ တူဟယ်လ်ရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်လာခဲ့ရတာကြောင့် အမြဲတမ်းနည်းပြ ခန့်အပ်သွားဖို့ လိုအပ်နေတဲ့ ယူနိုက်တက်အသင်းက နည်းပြသစ် နေရာအတွက် တူဟယ်လ်ကို စောင့်ကြည့်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : talkSPORT

ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် တူဟယ်လ်ရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိနေမလဲလို့ မေးမြန်းလာခဲ့ရာ တူဟယ်လ်က “တကယ့်ကို ဘာတုံ့ပြန်မှုမှ ရှိမနေဘူး။ ဘာကြောင့်လဲ။ ခင်ဗျားအနေနဲ့ ကျွန်တော့်ကို အသင်းအပေါ်မှာ စိတ်ာအာရုံနည်းပါးနေတယ် ဒါမှမဟုတ် အသင်းရဲ့ အခြေအနေတွေအပေါ် ပါဝင်ပတ်သက်မှု နည်းပါနေတယ်လို့ ခံစားမိနေရတာလား။ ဒါ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော် ဒီမှာ နေရတာကို နှစ်သက်တယ်။ ချယ်လ်ဆီးအသင်းအတွက် အလုပ်လုပ်ရတာကို နှစ်သက်တယ်။ ဒီကလပ်အသင်းမှာက ကျွန်တော့်ကို ပျော်ရွှင်စေဖို့အတွက် လိုအပ်တဲ့ အရာအားလုံး ရှိနေတယ်ဆိုတာကို ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဒါကြောင့်မို့ ဘာတုံ့ပြန်မှုမှ လုပ်စရာ မလိုအပ်ပါဘူး။ ပြီးတော့ ဒီအချိန်လေးမှာ ဒီအသင်းအတွက် ဆက်လက်ရှိနေရမယ့် အကြောင်းအရင်းတွေလည်း ရှိနေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ရုရှား-ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ကျူးကျော်စစ်ကို ဆင်နွဲခဲ့တဲ့ ရုရှားနိုင်ငြံရဲ့ သမ္မတ ပူတင်နဲ့ အတော်လေးကို ရင်းနှီးကျွမ်းဝင်သူ မိုဗစ်ချ်ကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ရင်း သူပိုင်ဆိုင်ထားတဲ့ ချယ်လ်ဆီးအသင်းပါ မကြုံဖူးလောက်အောင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် နည်းပြတူဟယ်လ်ကတော့ အသင်းကို နိုင်ပွဲတွေဆက်အောင် စွမ်းဆောင်ထားနိုင်ပြီး ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ထိကို ပို့ဆောင်ထားနိုင်ခဲ့ပါတယ်။