လီဗာပူးလ် စပါးအသင်းတို့ရဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ပီတာခရော့ချ်က သူအနေနဲ့ စပါးအသင်းမှာ ပါဝင်ကစားခဲ့စဉ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း ရီးရဲလ်ဘယ်နောက်ခံလူ မာဆယ်လိုကို ဖျက်ထုတ်ခဲ့မှုကြောင့် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီး အဲ့ဒီအချိန်မှာ မာဆယ်လိုကတော့ ခရော့ချ်ထုတ်ပယ်ခံရတာကို အလွန်ဝမ်းမြောက်နေတဲ့ပုံစံနဲ့ အောင်ပွဲခံသလို ပြုမှုခဲ့တာကြောင့် မာဆယ်လိုကို လက်သီးနဲ့ထိုးချင်လောက်အောင် ဒေါသစိတ်တွေ ဖြစ်ခဲ့ရတယ်လို့ ဖွင်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

လက်ရှိမှာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တဲ့ ခရော့ချ်က Paddy Power ကနေ တင်ဆက်နေတဲ့ From the Horses Mouth ဆိုတဲ့ Podcast အစီအစဉ်မှာ ပါဝင်လာခဲ့ရင်းနဲ့ သူရဲ့ကစားသမားဘဝ အမှတ်တရတစ်ခုကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ခရော့ချ်က “အဝတ်လဲခန်းက ပရိသတ်တွေ အားပေးနေတဲ့ နေရာအောက်မှာဆိုတော့ ပွဲကြည့်ပရိသတ်တွေရဲ့ အော်ဟစ်သံတွေကိုလည်း အတိုင်းသားကြားနေရတယ်။ အဲ့ဒီအချိန် ကျွန်တော်က ခေါင်းပေါ်မှာ ပဝါကို တင်ထားပြီး ထိုင်နေတယ်။ ပြီးတော့ ပြိုင်ဘက်အသင်းရဲ့ သွင်းဂိုးအတွက် အောင်ပွဲခံနေကြတဲ့ အသံတွေကို ကြားနေရတယ်”

Photo Credit : The Sun

“ကျွန်တော်အကြီးအကျယ်ကို နောင်တရမိခဲ့ရတယ်။ ကျွန်တော့်ကို အဝါကတ်တွေ အနီကတ်တွေ ပြသခဲ့ချိန်တုန်းက ကွင်းလယ်ဒိုင်အပေါ် ဆင်ခြင်ပေးမှုတွေကို အနည်းငယ်ပြုလုပ်ခဲ့မိပါတယ်။ ပထမတစ်ဝါကတော့ ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေချိန်မှာ ရာမို့စ်ကို ကစားပုံကြမ်းမိခဲ့လို့ ပြသခံခဲ့ရတာဆိုတော့ ဒိုင်လူကြီးရဲ့ အပြစ်ပေးမှုကို ခံယူနိုင်ပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ် အဝါကတ်ကတော့ မာဆယ်လိုဆီကနေ ဘောလုံးကို ဖြတ်ထုတ်ဖို့အတွက် ကြိုးပမ်းခဲ့တာ သူ့ကို တချက်မှကို ကျွန်တော်မထိခဲ့ဘူး။ သူကတော့ လေထဲမှာ ခုန်ပျံသွားပြီးတော့ မြက်ခင်းပေါ်မှာ လူးလိမ့်ပြနေခဲ့တယ်။ ပြီးတော့ ကျွန်တော်အနီကတ်ပြခံရချိန်မှာ ကင်မရာတွေက သူ့ကိုရိုက်ပြတဲ့အခါ သူဒါကို ဘယ်လိုတုံြ့ပန်ခဲ့သလဲဆိုတာ အားလုံးမျက်မြင်ကိုယ်တွေ့ပါ။ ကျွန်တော်ရဲ့ဘဝမှာ ဘယ်တုန်းကမှ လူတစ်ယောက်ကို ထိုးကြိတ်ချင်စိတ် မဖြစ်ခဲ့ဖူးဘူး။ ဒါပေမယ့် အဲ့ဒီနေ့ကတော့ ဒီလိုစိတ်မျိုး ဖြစ်မိရတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ခရော့ချ်ဟာ ပထမပိုင်း (၁၅)မိနစ်အတွင်းမှာပဲ ထုတ်ပယ်ခံခဲ့ရတာဖြစ်သလို ကစားသမားတစ်ယောက်လျော့နဲ့ စပါးအသင်းဟာလည်း အဲ့ဒီကွာတားဖိုင်နယ်ပွဲကို (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အရေးနိမ့်ခဲ့ရကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။