အာဆင်နယ်အသင်းမှာ နေရာမရလို့ အသင်းကနေ ထွက်ခွာခဲ့ကြပြီး နောက်ထပ်အသင်းသစ်တစ်သင်းမှာ တောက်ပနေကြတဲဲ့ လူငယ်ကစားသမားလေးတွေ အများကြီးရှိလို့နေတာကို ပရိသတ်တွေလည်း သိကြမယ်ထင်ပါတယ်။ ဒီထဲမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်တောင်ပံ ဂါနာဘရီက အာဆင်နယ်အတွက် နောင်တရစရာအကောင်းဆုံး လူငယ်ကစားသမားတစ်ယောက် ဖြစ်ခဲ့ရပြီး အာဆင်နယ်မှာ ပုံမှန်နေရာမရခဲ့သူက ဘိုင်ယန်လို အသင်းကြီးမှာ ပုံမှန်နေရာတစ်ခုကို ပိုင်ဆိုင်ထားခဲဲ့ပြီး တစ်နှစ်တာရဲ့အကောင်းဆုံးကစားသမားအဖြစ်နဲ့ပါ သတ်မှတ်ခံခဲ့ရပါသေးတယ်။

Photo Credit : Sports Finding

ဂါနာဘရီလို အာဆင်နယ်ကနေ ထွက်ခွာခဲ့ပြီးမှ အခြားအသင်းတစ်သင်းမှာ ပွဲထွက်ခွင့်တွေ ခြေစွမ်းပြခွင့်တွေရရှိခဲ့သူတွေထဲမှာ ကားလို့စ်ဗယ်လာလည်း အပါအဝင်ပါပဲ။ မက္ကဆီကိုတိုက်စစ်မှူးဗယ်လာက အာဆင်နယ်အသင်းမှာ ၂၀၀၅ခုနှစ်ကနေ ၂၀၁၂ခုနှစ်အထိ နှစ်အရှည်ကြီးပါဝင်ခဲ့တယ်ဆိုပေမယ့် တကယ်တမ်းတော့ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ(၂၉)ပွဲအထိသာ ကစားခဲ့ရပြီး နှစ်တော်တော်များများကို အငှားကစားသမားအဖြစ်နဲ့သာ ကျင်လည်ခဲ့ရပါတယ်။ ၂၀၁၂ခုနှစ်မှာတော့ ဗယ်လာဟာ သူအငှားနဲ့သွားကစားနေတဲ့ ဆိုစီဒက်အသင်းကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီကမှတစ်ဆင့် မေဂျာလိဂ်ကလပ် လော့အိန်ဂျလိစ်အသင်းဆီကို ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Yahoo Sports

လာလီဂါမှာ ကစားခဲ့ရစဉ်က သူရဲ့သွင်းဂိုးစွမ်းရည်တွေကို ပြသနိုင်ခဲ့တဲ့ ဗယ်လာဟာ မေဂျာလိဂ်မှာတော့ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပိုမိုပြသနိုင်ခဲ့ကာ ပြီးခဲ့တဲဲ့ဘောလုံးရာသီမှာဆို မေဂျာလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ ဗယ်လာက သူရဲ့အသင်းဟောင်း အာဆင်နယ်နဲ့ပတ်သသက်ပြီး အင်တာဗျူးတစ်ခုမှာလည်း “ကျွန်တော့်ဘဝရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတွေက စပိန်နိုင်ငံကိုရောက်မှ စတင်လာတာပါ။ အဲ့ဒီမှာပဲ ကျွန်တော့်မိသားစုကို တည်ထောင်နိုင်ခဲ့တယ်။ လန်ဒန်မှာ ရှိခဲ့တဲ့အချိန်တွေတုန်းကတော့ ကျွန်တော်နဲ့ဘယ်လိုမှ အံ့ဝင်ခွင်ကျမဖြစ်ခဲ့ပါဘူး။ ဘယ်လိုရှင်းပြရမလဲတောင် သေချာမသိတော့ပါဘူး။ အဲ့ဒီနေရာက ကျွန်တော့်အတွက် အမှတ်တရကောင်းတွေ တစ်ခုမှမရှိခဲ့တဲ့နေရာပါ။ ကျွန်တော့်အတွက် ဘောလုံးကစားသမားဘဝကို စတင်ခဲ့တဲ့နေရာဆိုပေမယ့်လည်း အင်္ဂလန်မှာ နေထိုင်ခဲ့ရတာကတော့ အဆင်မပြေပါဘူး။ ကမ်းလှမ်းချက်ကောင်းကောင်းရတိုင်းလိုလိုမှာ အင်္ဂလန်ကနေ ထွက်ခွာမယ့်ကိစ္စကို ဦးစားပေးစဉ်းစားမိတဲ့အထိပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။