ဘရန့်ဖို့ဒ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးက သူ့ကို လန်ဒန် အခြေစိုက် ကလပ်အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ် နဲ့ ချယ်လ်ဆီးတို့ အပြိုင် စိတ်ဝင်စားနေပေမယ့် သူကိုယ်တိုင်ကတော့ အာဆင်နယ်ကိုသာ ရွေးချယ်သွားချင်နေတယ်လို့ သိရပါတယ်။

အသက် (၂၇)နှစ်အရွယ် တိုနေးဟာ လောင်းကစားမှုကြောင့် ဘောလုံးကစားခြင်းကနေ (၈)လအထိ ပိတ်ပင် တားမြစ်ခံထားရတာ ဖြစ်ပေမယ့်လည်း သိပ်မကြာခင်မှာပဲ အဲ့ဒီလို တားမြစ်မှုကနေ လုံးဝ လွတ်မြောက်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Transfermarket

တိုနေးဟာ ဘရန့်ဖို့ဒ်အတွက် အတော်လေး အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အခုလို ကာလရှည် ပွဲပယ် မခံရခင်မှာလည်း အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး (၂၀)အထိတောင် သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ လက်ရှိအထိလည်း တိုနေးက ဘရန့်ဖို့အတွက် (၃)ရာသီအတွင်း (၆၈)ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။

ဂိုးသွင်းအားကောင်းပြီး အမြင့်ဘောတွေ အလွန်ကောင်းမွန်လှတဲ့ တိုက်စစ်မှူး တိုနေးကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားလျက် ရှိနေပြီး ဒီထဲမှာမှ တိုက်စစ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတဲ့ အာဆင်နယ် နဲ့ ချယ်လ်ဆီးတို့က တိုနေးကို ပိုစိတ်ဝင်စားနေကြပါတယ်။

Photo Credit : beIN SPORTS

ဒီနှစ်သင်းလုံးဟာ အခု နွေရာသီအတွင်း ကစားသမားသစ် ခေါ်ယူမှုတွေအတွက် ငွေကြေး အမြောက်အများ သုံးစွဲထားပြီး အခု သူတို့ လိုချင်နေတဲ့ တိုနေးကလည်း ပေါင် သန်း(၁၀၀)အထိ ဈေးသတ်မှတ်ခံထားရတာဖြစ်လို့ တိုနေးကို ခေါ်ယူမယ်ဆိုရင် ကစားသမားတချို့ မဖြစ်မနေ ရောင်းချဖို့ လိုအပ်နေပါတယ်။

တိုနေးကိုယ်တိုင်ကတော့ သူ့ကို အပြိုင် စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ကို ပိုမို စိတ်အားထက်သန်လို့နေပြီး အာဆင်နယ်ကလည်း တိုနေးလို တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်မယ်ဆိုရင် အသင်းအတွက် လုံးဝ အကျိုးရှိသွားနိုင်တယ်လို့ သုံးသပ်လျက် ရှိနေပါတယ်။