ဆီဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား ရာကီတစ်ဟာ ယနေ့ (၂၀၂၀) ပြည့်နှစ် စက်တင်ဘာလ (၂၁) ရက်နေ့မှာ ခရိုအေးရှား လက်ရွေးစင်အသင်းကနေ အနားယူသွားပြီဖြစ်တယ်လို့ လူမှုကွန်ရက် တွစ်တာမှာ ခရိုအေးရှား ဘောလုံး အဖွဲ့ချုပ် (HNS) က အတည်ပြု ဖော်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိ အသက် (၃၂) နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ကွင်းလယ် ကစားသမား ရာကီတစ်ဟာ လွန်ခဲ့တဲ့ (၂၀၀၇) ခုနှစ်မှာ ခရိုးအေရှား လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက် ကစားခဲ့ပြီး ပွဲဦးထွက်ရာသီမှာ ခရိုအေးရှားအသင်းအတွက် လက်ရွေးစင် ပွဲစဉ် (၅) ပွဲ ကစားခဲ့ရာမှာ (၁) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Twitter

ခရိုအေးရှား လက်ရွေးစင်အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကွင်းလယ်လူ ရာကီတစ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်၊ ရုရှား ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြသခဲ့ပြီး ဒိန်းမတ်၊ ရုရှားအသင်းတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အဆုံးအဖြတ် ပင်နယ်တီကို သွင်းယူနိုင်ခဲ့ပါတယ်။ ရာကီတစ်ဟာ ခရိုအေးရှား လက်ရွေးစင် အသင်းအတွက် လက်ရွေးစင် ပွဲစဉ်ပေါင်း (၁၀၆) ပွဲအထိ ကစားခဲ့ရာမှာ လက်ရွေးစင် သွင်းဂိုး (၁၅) ဂိုး သွင်းယူနိုင်ခဲ့ပြီး ခရိုအေးရှား လက်ရွေးစင် အသင်းကို နှုတ်ဆက်ဖို့ ဆုံးဖြတ်ရတာက ကစားသမားဘဝ တစ်လျှောက် အခက်ခဲဆုံးပါပဲလို့ ပြောခဲ့ပါတယ်။

Photo Credit: Twitter

ကွင်းလယ်လူ ရာကီတစ်က “ခရိုအေးရှား လက်ရွေးစင် အသင်းကို နှုတ်ဆက်စကား ပြောရတာက ကျွန်တော့်ရဲ့ ကစားသမား ဘဝ တစ်လျှောက်မှာ အခက်အခဲဆုံး ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့်လည်း ဒီအချိန်က အဲဒီဆုံးဖြတ်ချက်ကို ချရမယ် အချိန် ဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ ခံစားခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ မွေးရပ်မြေအတွက် ကစားပေးခဲ့ရတဲ့ ပွဲစဉ်တိုင်းအတွက် ကျွန်တော် ပျော်ရွင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အကြိုက်ဆုံး အရာတွေထဲမှာ ကမ္ဘာ့ဖလားက ပုံရိပ်တွေက မမေ့နိုင်စရာ အခိုက်အတန့် အဖြစ် ကျန်ရစ်နေပါလိမ့်မယ်။ ကျွန်တော်တို့က ရှေ့မှာ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ အသင်းကောင်း ဖြစ်နေသေးတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ နဲ့ အသင်းဖော်တွေကို လာမယ့် စိန်ခေါ်မှုတိုင်းမှာ ကံကောင်းကြဖို့ ကျွန်တော် ဆန္ဒပြုပေးပါတယ်။ နောက်ပြီး သူတို့က ကျွန်တော့် အားပေးတဲ့ သူတွေ ဖြစ်လာပါလိမ့်မယ်”လို့ ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။ ကွင်းလယ်လူ ရာကီတစ်ဟာ ခရိုအေးရှား လက်ရွေးစင်အသင်းကနေ အနားယူမယ့် အကြောင်းကို လက်ရွေးစင် နည်းပြ ဒါလစ်၊ လက်ရွေးစင် အသင်းခေါင်းဆောင် မိုဒရစ်၊ ခရိုအေးရှား ဘောလုံး အဖွဲ့ချုပ်တို့နဲ့ တိုင်ပင်ပြီးနောက် လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။