MySport Myanmar

လီဗာပူးကြယ်ပွင့် ဆာလာကို ယူရို ၁၀၀သန်းနဲ့ ကမ်းလှမ်းထားတဲ့ အယ် အီတီဟတ်

ဆော်ဒီ ထိပ်သီးကလပ် အယ် အီတီဟတ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာကို ယခု နွေဈေးကွက်အတွင်းမှာပဲ ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အယ် အီတီဟတ်က ယခု နွေဈေးကွက်အတွင်းမှာ ပြင်သစ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ဘန်ဇီမာနဲ့ ကန်တီ ၊ ဘရာဇီးလ်ကြယ်ပွင့် ဖာဘင်ဟိုနဲ့ ပေါ်တူဂီ တောင်ပံကစားသမား ဂျိုတာတို့ကို ခေါ်ယူထားနိုင်တဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အယ် အီတီဟတ်က ဘန်ဇီမာ ၊ ကန်တီ ၊ ဖာဘင်ဟို ၊ ဂျိုတာတို့လို ကစားသမားတွေကို ခေါ်ယူထားပြီး ဖြစ်ပေမယ့် အသင်းရဲ့ နည်းပြချုပ် နူနို ဆန်းတို့စ်က အသင်းရဲ့ တိုက်စစ်ပိုင်းကို ထပ်မံ အားဖြည့်ချင်နေပြီး အီတီဟတ်ရဲ့ နံပါတ်တစ်ပစ်မှတ်ဟာ လီဗာပူးကြယ်ပွင့် ဆာလာပဲ ဖြစ်ပါတယ်။

အသက် ၃၁နှစ် အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာက ရိုးမားကနေ လီဗာပူးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်ကြောင်းကို သက်သေပြထားနိုင်သူ ဖြစ်ပြီး ဆာလာဟာ လီဗာပူးရဲ့ မရှိမဖြစ် တိုက်စစ်မှူးလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။

ဆာလာက ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာမှ လီဗာပူးနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် အီတီဟတ်က ယခု နွေဈေးကွက် အတွင်းမှာပဲ ဆာလာကို သူတို့အသင်းဆီ ခေါ်ယူဖို့ ကြိုးစားနေပြီး အီတီဟတ်ရဲ့ တာဝန်ရှိသူတွေက ဆာလာရဲ့ အေးဂျင့်နဲ့ရော ၊ လီဗာပူးနဲ့ပါ ဆက်သွယ်မှုတွေ လုပ်ထားပါတယ်။

Photo Credit: Extra

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ အီတီဟတ်က မိုဟာမက် ဆာလာအတွက် လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းတန် ကမ်းလှမ်းမှု တရပ် ပို့ပေးထားသလို ဆာလာကိုလည်း ၁နှစ် လုပ်ခလစာ ယူရို ၇၀သန်းဝန်းကျင်နဲ့ ၃နှစ်စာ အတွက် ယူရို ၂၀၀သန်း အထိ ပေးမယ် ဆိုပြီး ကမ်းလှမ်းထားကြောင်း သိရပါတယ်။

အီတီဟတ်ရဲ့ ကမ်းလှမ်းမှုက ဆာလာနဲ့ လီဗာပူးအတွက် မက်မောလောက်စရာ ကမ်းလှမ်းမှု ဖြစ်နေတာကြောင့် လီဗာပူးရဲ့ တာဝန်ရှိသူတွေက ဆာလာကို ရောင်းချမယ် ၊ မရောင်းချဘူး ဆိုတာကို အစည်းအဝေး တရပ် ပြုလုပ်ကာ ဆွေးနွေးနေပြီး လီဗာပူးနည်းပြချုပ် ကလော့ပ်ကတော့ ဆာလာကို မရောင်းချချင်ကြောင်း အသင်းရဲ့ တာဝန်ရှိသူတွေထံ အသိပေးထားပါတယ်။

Exit mobile version