ဆော်ဒီ ထိပ်သီးကလပ် အယ် အီတီဟတ်က သူတို့အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြချုပ်နေရာ အတွက် ရီးရဲလ်နဲ့ ဆီဗီးလားတို့ရဲ့ နည်းပြဟောင်း လိုပက်တယ်ဂီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အယ် အီတီဟတ်က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ နူနို ဆန်တိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် တဦး အလျင်အမြန် ခန့်အပ်ဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အသက် ၅၇နှစ် အရွယ် စပိန်လူမျိုး နည်းပြချုပ် လိုပက်တယ်ဂီက ပြီးခဲ့တဲ့ ဩဂုတ်လ ၈ရက်နေ့မှာ ဝုလ်ဗ်နဲ့ လမ်းခွဲထားသူ ဖြစ်ပြီး သူက ဝုလ်ဗ်နဲ့ လမ်းခွဲပြီးနောက်မှာ အလားအလာ ရှိတဲ့ နာမည်ကြီးအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေပါတယ်။

လိုပက်တယ်ဂီက သူ့ရဲ့ နည်းပြဘဝမှာ ပေါ်တို ၊ ရီးရဲလ်မက်ဒရစ် ၊ ဆီဗီးလား စတဲ့ ဥရောပ နာမည်ကြီးကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးသလို စပိန်လက်ရွေးစင်အသင်းကိုပါ နည်းပြဖူးတဲ့ ထိပ်တန်းနည်းပြ တဦး ဖြစ်ပြီး သူက ဆီဗီးလားနဲ့အတူ ယူရိုပါလိဂ် ဆုဖလား ၁ကြိမ်ကိုလည်း ရယူခဲ့ဖူးပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရူဒီ ဂါလက်တီရဲ့ ဖော်ပြချက်အရ အယ် အီတီဟတ်က နူနို ဆန်တိုကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် လိုပက်တယ်ဂီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပြီး လိုပက်တယ်ဂီကလည်း အယ် အီတီဟတ်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တာကြောင့် မကြာခင်မှာ လိုပက်တယ်ဂီဟာ အယ် အီတီဟတ်ရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

ဆော်ဒီသတင်းရင်းမြစ်တွေကလည်း လိုပက်တယ်ဂီ တယောက် အယ် အီတီဟတ်ရဲ့ နည်းပြသစ် ဖြစ်လာမယ့် အကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားကြသလို လိုပက်တယ်ဂီဟာ မကြာခင် အယ် အီတီဟတ်ရဲ့ အခြေစိုက်မြို့ ဖြစ်တဲ့ ဂျီဒက်မြို့ဆီ ရောက်လာကာ စာချုပ်ရဲ့ အသေးစိတ် အချက်အလက်တွေကို အီတီဟတ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးတော့မယ်လို့ ဆိုကြပါတယ်။