ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမားဖြစ်သူ လူကာကူက သူ့ကို နာမည်ကျော် ဘောလုံးသမားဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်မှုတွေ လုပ်ဆောင်နေခြင်းဟာ သူ့အတွက်တော့ ထိုက်တန်မှု မရှိလှပဲ ဒီလို နှိုင်းယှဉ်ခံရဖို့အတွက် သူအနေနဲ့ အများကြီး စွမ်းဆောင်နိုင်ဖို့ လိုအပ်နေသေးကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ လက်ရှိမှာ သူရဲ့ဘယ်လ်ဂျီယံအသင်းအတွက် နိုင်ငံတကာသွင်းဂိုး စုစုပေါင်း (၆၆)ဂိုးအထိကို သွင်းယူလာနိုင်ခဲ့ပြီး နိုင်ငံတကာသွင်းဂိုး အများဆုံး ဖြစ်လို့နေတဲ့ ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးမှတ်တမ်းကိုပါ လိုက်မီနိုင်မယ့် အခြေအနေမျိုးမှာ ရှိလို့နေတာကြောင့် လူကာကူကို ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လူကာကူက သူ့ကို ရော်နယ်လ်ဒိုနဲ့ အခုလို နှိုင်းယှဉ်မှုတွေ လုပ်ဆောင်နေခြင်းဟာ အချိန်မတန်သေးဘူးလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : UEFA

လူကာကူက “ကျွန်တော့်ကို ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ဘယ်တော့မှ ထပ်ပြီး မနှိုင်းယှဉ်ကြပါနဲ့။ ကျွန်တော့်အတွက်ဆိုရင်တော့ ရော်နယ်လ်ဒိုက ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား(၃)ယောက်ထဲမှာ တစ်ယောက်အပါအဝင်ပါ။ သူ့ကို အဲ့ဒီ(၃)ယောက်ထဲမှာ အဆင့်ဘယ်လောက်လဲဆိုတာကို မသတ်မှတ်ချင်ပေမယ့် သူက အကောင်းဆုံး (၃)ယောက်ထဲမှာတော့ ပါဝင်နေပါတယ်။ အခု သူရရှိနေတဲ့ အောင်မြင်မှုတွေက ကျွန်တော်တို့မျိုးဆက်က ဘောလုံးသမားတွေအတွက် မျှော်လင့်ချင်စရာပါ။ သူနဲ့ ကျွန်တော် အီတလီမြေမှာ ရင်ဆိုင်ကစားခဲ့ရတာ အရမ်းကံကောင်းခဲ့ရသလို အခုလည်း သူက ပရီးမီးယားလိဂ်ကို ပြန်ရောက်လာပြီဆိုတော့ ပိုပြီးဝမ်းသာမိပါတယ်။ အချက်အလက်တွေနဲ့ နှိုင်းယှဉ်တာမျိုးတွေနဲ့ ကျန်တာတွေကတော့ ဘာမှ အသုံးမဝင်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လူကာကူနဲ့ ရော်နယ်လ်ဒိုတို့နှစ်ယောက်ဟာ အီတလီစီးရီးအေပြိုင်ပွဲမှာလည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး ဒီရာသီမှာတော့ လူကာကူက အသင်းဟောင်း ချယ်လ်ဆီးဆီ ပြန်ရောက်လာခဲ့သလို ရော်နယ်လ်ဒိုကလည်း မန်ချက်စတာယူနိုက်တက်ကို ပြန်သွားခဲ့တာဖြစ်လို့ ဒီကစားသမားနှစ်ယောက်လုံးက အင်္ဂလန်မြေမှာ ပြန်လည်ထိပ်တိုက် တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။