မနေ့ညက ကျင်းပသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကိုပင်ဟေဂင်အသင်းတို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ယူနိုက်တက်တိုက်စစ်ကစားသမားတွေရဲ့ဂိုးပေါက်တည့်ကန်ချက် (၁၃)ကြိမ်ထိကို ဂိုးလုံးဝမပေးရအောင် စွမ်းစွမ်းတမံ ကာကွယ်ပုတ်ထုတ်နိုင်ခဲ့တဲ့ ကိုပင်ဟေဂင်အသင်းရဲ့ဆွီဒင်ဂိုးသမား ကားလ်ယိုဟန်ဂျွန်ဆန်ကို ယူနိုက်တက်တိုက်စစ်ကစားသမားဟောင်း ရော်ဘင်ဗန်ပါစီကနေ ချီးကျူးစကားဆိုသွားခဲ့ပြီး ကလပ်အသင်းကြီးတွေမှာ ပါဝင်ကစားသင့်တဲ့ ဂိုးသမားမျိုးလို့လည်း ချီးမွှမ်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၃၀)အရွှယ်ရှိ ဂိုးသမားဂျွန်ဆန်ဟာ အံ့အားသင့်စရာကောင်းတဲ့ လက်စွမ်းတွေနဲ့ ယူနိုက်တက်ဘက်ကနေ တိုက်စစ်ဆင်လာသမျှကို သွင်းဂိုးအဖြစ် ခွင့်ပြုရခြင်းမရှိအောင် ကာကွယ်နိုင်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ပင်နယ်တီကန်သွင်းမှုကိုသာ မကာကွယ်နိုင်ခဲ့လိုက်တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဒီပွဲကို ကြည့်ရှုအားပေးခဲ့သူများ ဂိုးသမားဂျွန်ဆန်ရဲ့အံ့မခန်းကာကွယ်မှုအကြောင်းတွေကို ပြန်လည်ပြောဆိုရင်း ဂိုးသမားကို ချီးကျူးခဲ့ကြသလို ယူနိုက်တက်ကစားသမားဟောင်း ဗန်ပါစီကလည်း ဂျွန်ဆန်က မယုံကြည်နိုင်စရာကောင်းလောက်တဲ့ ဂိုးသမားတစ်ယောက်လို့ ချီးမွမ်းသွားခဲ့ပါတယ်။

Photo Credit : Twitter

ဗန်ပါစီက “ကျွန်တော်သူ့အတွက် မျှော်လင့်ပါတယ်။ သူတကယ်လည်း အသင်းကြီးတွေမှာ ပါဝင်ကစားခွင့်ကို ရသင့်ရထိုက်ပါတယ်။ သူက ဂိုးကန်ချက်တိုင်းလိုလိုကို ကာကွယ်သွားတာ။ သူ့ဆီရောက်လာတဲ့ ဘောလုံးတွေသာမကပဲနဲ့ ကာကွယ်ရခက်တဲ့ အခြေအနေတွေကနေတောင် တကယ့်ကို အမိုက်စား Save တွေကို သူလုပ်ဆောင်နိုင်ခဲ့တယ်။ မာစီယဲလ်ရဲ့ကန်ချက်ကို လက်တစ်ဖက်တည်းနဲ့ ကာကွယ်ခဲ့တာကတော့ လုံးဝကို မယုံကြည်နိုင်စရာပါပဲ။ နောက်ပြီး ခြေထောက်နဲ့ ဂိုးကာကွယ်မှုတွေ လုပ်ဆောင်တာလည်း အရမ်းကောင်းတယ်။ ဒီညက သူ့ကစားသမားဘဝရဲ့ အကောင်းဆုံးသောပွဲဖြစ်လိမ့်မယ်လို့ ကျွန်တော်ကတော့ထင်တယ်။ ဖြစ်လည်းဖြစ်သင့်တယ်လေ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဗန်ပါစီလိုပဲ ယူနိုက်တက်ရဲ့ ကစားသမားဟောင်း အိုဝင်ဟားဂရေ့စ်ကလည်း “ယူနိုက်တက်အသင်းသားတွေ သူ့ကိုအနိုင်ယူမယ့်နည်းလမ်းက ပင်နယ်တီကနေ ဂိုးသွင်းယူမှုတစ်ခုပဲရှိတယ်။ သူက ယူနိုက်တက်ဘက် ဂိုးကန်ချက်တိုင်းကို ရအောင်ကာကွယ်နိုင်တော့လေ။ သူက တကယ့်ကို အ့ံအားသင့်စရာကောင်းတဲ့ ဂိုးသမားပါ” လို့ ချီးကျူးပြောဆိုခဲ့ပါသေးတယ်။ ယူနိုက်တက်ပရိသတ်တချို့ကလည်း အသင်းက ဂိုးသမားပြသာနာတွေနဲ့ ရင်ဆိုင်နေရချိန် ဂျွန်ဆန်လို ဂိုးသမားမျိုးကို ခေါ်ယူအားဖြည့်သင့်တယ်လို့ မှတ်ချက်ပြုပြောဆိုခဲ့ကြပါတယ်။