မနေ့ညက ကစားသွားခဲ့တဲ့ ဗစ်တိုးရီးယား ပယ်လ်ဇန်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ယူရိုပါလိဂ်ပွဲအပြီးမှာ ယူနိုက်တက် တိုက်စစ်ကစားသမားနှစ်ဦး ဟွိုင်လန်းနဲ့ အာမတ်တို့နှစ်ဦး အချင်းများကြတဲ့ ဖြစ်ရပ်ဟာ အသင်းအတွက် ကောင်းမွန်တယ်လို့ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က သုံးသပ် ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်ဟာ ဒီပွဲစဉ်အတွင်း ပထမပိုင်း ပွဲချိန်မှာ ဘာမှ မလုပ်ဆောင်နိုင်တဲ့အပြင် ဒုတိယပိုင်းအစမှာလည်း အိုနာနာနဲ့ ဒီလစ်တို့ရဲ့ အားနည်းမှုကနေ ပေးဂိုး စတင် ခွင့်ပြုလိုက်ရပြီး ရပ်ရှ်ဖို့ဒ်နေရာ ဝင်ကစားလာတဲ့ ဟွိုင်လန်းရဲ့ ဂိုးတွေကြောင့်သာ ယူနိုက်တက်က comeback ရလဒ်နဲ့ နိုင်ပွဲရသွားခဲ့တာ ဖြစ်ပါတယ်။
Photo Credit : The Independent
ဟွိုင်လန်းဟာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး(၂)ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ဟက်ထရစ် သွင်းယူနိုင်မယ့်အထိပါ ရောက်ခဲ့ပေမယ့်လည်း အသင်းဖော် အာမတ်က သူ့ဆီ ဘောလုံးမပေးခဲ့ခြင်းကြောင့် ဒီဖြစ်ရပ်အပေါ်မှာ ဟွိုင်လန်းက ပေါက်ကွဲခဲ့ပြီး ပွဲအပြီးမှာလည်း ဟွိုင်လန်းနဲ့ အာမတ်တို့ အချင်းများခဲ့ကြပါသေးတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမော်ရင်က “ကျွန်တော့်အတွက် ဒီဖြစ်ရပ်က ကောင်းမွန်ပါတယ်။ တစ်ခုခု ခံစားရဖို့ လိုပါတယ်။ ကျွန်တော်တို့က အချင်းချင်း စကားများ ရန်ဖြစ်လို့ လိုအပ်လာရင် ဒါက မိသားစုဝင်တွေအတွင်းမှာ ရန်ဖြစ်ကြသလိုမျိုး ဖြစ်နေမှာ။ ဒါဟာ တကယ်ကို ကောင်းမွန်တဲ့ လက္ခဏာတစ်ခုလို့ ထင်ပါတယ်။ ဒါကတော့ ရှင်းပါတယ်။”
Photo Credit : Goal
“အချင်းချင်း ဂရုစိုက်မှု ရှိလို့သာ အခုလို ဖြစ်နေရတာ။ ဂရုမစိုက်ဘူးဆိုရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး။ တကယ် ဂရုစိုက်လာတဲ့အခါ မိသားစုဝင်တွေထဲက အဖေနဲ့ရော အမေနဲ့ရော အစ်ကိုနဲ့ရော စကားများ ရန်ဖြစ်ကြမှာပဲ။ ဒါက သာမန်ကိစ္စရပ် အပြုသဘောဆောင်တဲ့ ကိစ္စရပ်နဲ့ တကယ်ကောင်းမွန်တဲ့ ကိစ္စရပ်ပါ။”
“ကိစ္စရပ်က အရမ်းကြီးမားလာမှသာ ကျွန်တော်ကိုယ်တိုင် ဝင်ဖြေရှင်းပါမယ်။ သိပ်မကြီးမားဘူးဆိုရင်တော့ သူတို့ကိုယ်တိုင် ဖြေရှင်းရပါမယ်။ သူတို့တွေ အချင်းချင်း ပြောဆိုနေရမယ်။ အချင်းချင်း တိုက်ခိုက်နေရမယ်။ ဒါဟာ အသင်းအတွက် အရမ်းကို အရေးကြီးပြီးတော့ ကောင်းမွန်တဲ့ အပြုအမှုတွေပါပဲ။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။