မကြာသေးခင်ကမှ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ (၄)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုဖြစ်ခဲ့တဲ့ ဘရန်ဒန်ဝီလီယံစ်ဟာ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲမတိုင်ခင် ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြဆိုးလ်ရှားနဲ့အတူ တတ်ရောက်ခဲ့ပြီး သတင်းထောက်တွေက သူ့ကို ဘာကြောင့်အချိန်တိုလေးအတွင်းမှာပဲ ယူနိုက်တက်ရဲ့စီနီယာအသင်းသားတစ်ယောက် ဖြစ်လာတာလဲလို့ မေးမြန်းလာခဲ့တဲ့အပေါ် ဝီလီယံစ်က ပြန်လည်ဖြေဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : Metro

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် နောက်ခံအစွန်လူ ဝီလီယံစ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာပဲ သူရဲ့ယူနိုက်တက်စီနီယာကစားသမားဘဝကို စတင်ခွင့်ရခဲ့သူဖြစ်ပြီး ရော့ချ်ဒေးလ်အသင်းနဲ့ ကစားခဲ့ရတဲ့ လိဂ်ဖလားပွဲစဉ်မှာ စတင်ကစားခဲ့ရင်းနဲ့ အခုဆိုရင် ပရီးမီးယားလိဂ်မှာ (၁၇)ပွဲ ယူရိုပါလိဂ်နဲ့ အက်အေဖခလားပြိုင်ပွဲတွေမှာ (၆)ပွဲစီနဲ့ ကာရာဘောင်းဖလားမှာ (၅)ပွဲ ပါဝင်ကစားခဲ့ရပါတယ်။ အခုလည်း ကိုပင်ဟေဂင်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ ဝီလီယံစ်ဟာ ယူနိုက်တက်အသင်းရဲ့ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာရဖို့ သေချာသလောက်ကို ရှိလို့နေပါတယ်။

Photo Credit : Goal

သူရဲ့ယူနိုက်တက်စီနီယာကစားသမားဘဝအစနဲ့ပတ်သက်ပြီး ဝီလီယံစ်က “ကြိုးစားအားထုတ်မှုတွေက ကျွန်တော်ဒီအသင်းနဲ့ စတင်ပူးပေါင်းခဲ့ချိန် (၈)နှစ်သားအရွှယ်လောက်ကတည်းကကို စတင်ရရှိခဲ့တာပါ။ ကျွန်တော်တို့ ငယ်ရွှယ်စဉ်မှာပဲ ယူနိုက်တက်အသင်းဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုးလဲဆိုတာကို သိရှိလာခဲ့ရတယ်။ ဒါက ကျွန်တော်တို့ ကိုယ်အတွင်းမှာ DNA တစ်ခုလိုကို ဖြစ်လာတယ်။ အသင်းနဲ့ ကိုယ်နဲ့က တစ်သားတည်းဖြစ်လာခဲ့ရတယ်။ ဒါပေမယ့် ဒါကို အလွန်အကျွံ အထင်ကြီးစိတ်တွေ မဖြစ်သွားရအောင် ထိန်းသိမ်းရပါတယ်။ ဒါတွေကိုလည်း ယူနိုက်တက်ရဲ့နည်းပြတွေက လွန်ခဲ့တဲ့နှစ်တွေကတည်းကကို သင်ကြားပြသပေးခဲ့ပါတယ်။ ကျွန်တော့်အတွက် ရူးသွပ်စရာကောင်းတဲ့ ဘောလုံးရာသီလို့ ဆိုရမယ်။ ဒါပေမယ့် ကျွန်တော့်ကိုကျွန်တော် စီနီယာကစားသမားတစ်ယောက်အဖြစ်နဲ့တော့ မမြင်သေးဘူး။ ဒဏ်ရာရသွားတာတို့ ခြေစွမ်းပိုင်း ကျဆင်းသွားတာတို့ ဖြစ်လာခဲ့ရင် ယူ-၂၃အသင်းဆီမှာ ပြန်ကစားရနိုင်တယ်လေ။ အခုကတော့ ကျွန်တော်လုပ်ရမယ့်အရာတွေကိုပဲ အာရုံစိုက်ထားပါတယ်။ တိုးတတ်မှုရှိလာအောင်လည်း ကြိုးစားနေတယ်။ အသင်းအတွက် ပွဲများများ ကစားပေးနိုင်အောင် အသင်းအတွက် အကောင်းဆုံးပေးဆပ်နိုင်အောင်လည်း ပစ်မှတ်ထားပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။