MySport Myanmar

ယူနိုက်တက်က ကျွန်တော်ကစားခဲ့တဲ့ အသင်းမျိုး မဟုတ်တော့ဘူးဆိုတဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအတွင်းမှာပဲ သူတို့ရဲ့ အင်္ဂလန်ဒါဘီ ခါးသီးပြိုင်ဘက် လီဗာပူးလ်အသင်းကို အိုးထရက်ဖို့ဒ်မှာ (၅)ဂိုးပြတ် အန်ဖီးလ်မှာ (၄)ဂိုးပြတ်နဲ့ အရှတက်တွဲ ရှုံးနိမ့်ခဲ့ပြီးနောက် Sky Sports ရုပ်သံမှာ ပွဲအကြောင်း သုံးသပ်တင်ဆက်နေတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက လက်ရှိ ယူနိုက်တက်အသင်းဟာ သူပါဝင်ကစားခဲ့တဲ့ အသင်းမျိုး မဟုတ်တော့ဘူးလို့ စိတ်ပျက်စွာနဲ့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

မနေ့ညက အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အိမ်ရှင်အသင်းက ဒီယက်ဇ် ဆာလာ မာနေးတို့ရဲ့သွင်းဂိုးတွေနဲ့ သူတို့ရဲ့ ပြိုင်ဘက်မဟုတ်တော့တဲ့ အသင်း ယူနိုက်တက်ကို အပြတ်အသတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲစဉ်ကို ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ကိန်းနဲ့ လီဗာပူးလ် ကစားသမားဟောင်းကြီး ဂရေမီဆူးနက်တို့က Sky Sports ရုပ်သံမှာ ပွဲသုံးသပ်တင်ဆက်သူအဖြစ် အတူကြည့်ရှုရင်း ရွိုင်ကိန်းက သူ့အသင်းဟောင်းရဲ့ ဂိုးပြတ်ရှုံးပွဲအပေါ် ညည်းတွားပြောကြားသွားခဲ့ပါတယ်။

Photo Credit : Goal

ရွိုင်ကိန်းက “အခုက ဒေါသထွက်စရာ မဟုတ်တော့ဘူး။ ဒါက ဝမ်းနည်းစိတ်ပျက်စရာ ဖြစ်နေရပြီ။ ယူနိုက်တက်မှာက ဦးဆောင်သူလည်း ရှိမနေဘူး။ သူတို့မှာ အရည်အသွေးတွေလည်း ကင်းမဲ့နေရတယ်။ ကလပ်အသင်းရဲ့ ဦးပိုင်းကနေကို ရုန်းရင်းဆန်ခတ် ဖြစ်နေရတယ်။ သူတို့မှာ နည်းပြသစ်တစ်ဦးရယ် ကစားသမား အဝင်အထွက်တွေရယ် လိုအပ်နေပါတယ်။ ဒါတွေကို မြင်နေရတာ ဝမ်းနည်းစရာကောင်းပါတယ်။ ဒီအသင်းက ကျွန်တော် ပါဝင်ကစားခဲ့တဲ့ အသင်းမျိုး မဟုတ်တော့ဘူး။ တော်တော်လေးကို ခြားနားသွားခဲ့ရပါပြီ။ အသင်းရဲ့ ဂုဏ်သိက္ခာနဲ့အတူ တိုက်ပွဲဝင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ကျွန်တော် မမြင်တွေ့မိပါဘူး။ မားကပ်စ်ရပ်ရှ်ဖို့ဒ်က တိုက်စစ်မှာ ကစားတစ်ဦးလို ကစားနေတယ်။ နောက်ဆုံးဂိုးမှာ ဟယ်ရီမက်ဂွိျုင်းရားရဲ့ ဘောလုံးပေးပို့မှုနဲ့ ခံစစ်ကစားပုံက လက်မခံနိုင်စရာတွေပါ။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လုံလောက်မှု လုံးဝမရှိပါဘူး။ ဒီတော့ ကျွန်တော်တို့တွေ အသင်းကို ပြန်လည်တည်ဆောက်ပါဆိုတဲ့ စကားလုံးကို ပြန်သုံးရမှာပဲ။ ယူနိုက်တက်လို အသင်းက အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာမှာ ရပ်တည်နေရတယ်ဆိုတာက လက်မခံနိုင်စရာပါ။ ကျွန်တော်ရဲ့ အတွေ့အကြုံအရဆိုရင် ကလပ်အသင်းတစ်ခုမှာ ရှိနေရမှာက အဲ့ဒီအသင်းအတွက် အရာအားလုံးကို ပေးဆပ်နိုင်မယ့် အသင်းသားတွေပါ။ ဒါပေမယ့် ဒီအသင်းမှာတော့ စိတ်ဝိညာဉ်တောင် ရှိမနေသလိုပါပဲ” လို့ ညည်းတွားသွားခဲ့ပါတယ်။

Exit mobile version