MySport Myanmar

ယူနိုက်တက်ရဲ့ Top 4 မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ပြီလို့ နည်းပြရန်းနစ် ဝန်ခံပြောဆို

မနေ့ညက အာဆင်နယ်အသင်းရဲ့ Emirates ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ အသင်းနှစ်သင်းလုံးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရစာအတွက် အလွန်အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ရပြီး ဒီပွဲစဉ်မှာ အိမ်ရှင်အာဆင်နယ်အသင်းက (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရသွားခဲ့လို့ အာဆင်နယ်က အဆင့်(၄)နေရာကို တတ်လှမ်းနိုင်ခဲ့တဲ့အပြင် အဆင့်(၆)နေရာက ယူနိုက်တက်ကိုလည်း (၆)မှတ်ထိပါ ဖြတ်တောက်သွားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

အိမ်ရှင်အာဆင်နယ်အသင်းဟာ နောက်ခံအစွန်လူ တာဗာရက်စ် လူငယ်ကြယ်ပွင့်လေး ဆာကာတို့ရဲ့ ပင်နယ်တီဂိုးတွေနဲ့ ပထမပိုင်းမှာ ဦးဆောင်ထားနိုင်ခဲ့ပြီး ယူနိုက်တက်က ရော်နယ်လ်ဒိုရဲ့ ပရီးမီးယားလိဂ် ရာပြည့်သွင်းဂိုးနဲ့ ပြန်လည်ချေပခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ချာကာက အာဆင်နယ်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူခဲ့ရင်း အာဆင်နယ်တို့ အဖိုးတန် အနိုင်(၃)မှတ်ကို ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အသင်းရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပေမယ့်လည်း ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ ကန်သွင်းမှုက တိုင်ထိလွဲချော်ခဲ့ရတာကြောင့် ဒုတိယ ချေပဂိုးနဲ့ လွဲချော်ခဲ့သလို ရော်နယ်လ်ဒိုရဲ့ မိနသစ်(၆၀) သွင်းဂိုးမှာလည်း လူကျွံနေခဲ့ရတာကြောင့် ယူနိုက်တက်တို့ သွင်းဂိုးတွေ ထပ်မရတော့ပဲ ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Goal

ဒီရှုံးပွဲကြောင့် ကလပ်အသင်းရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်တွေ ပျောက်ကွယ်သွားခဲ့ရပြီလားလို့ မေးမြန်းလာခဲ့ရာ ယူနိုက်တက်နည်းပြ ရန်းနစ်က “တော်တော်လေး သေချာပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာ ကျွန်တော်အတွက်ကတော့ ပွဲစတင်ခင်ကတည်းက အလွန် ဖြစ်နိုင်ချေ မရှိခဲ့သလိုမျိုး ဖြစ်နေရသလို ပွဲပြီးဆုံးသွားတော့လည်း အဲ့ဒီမျှော်လင့်ချက်တွေက အဆုံးသတ်သွားခဲ့ရပါတယ်။ သေချာတာကတော့ အလုပ်တွေအများကြီး ရှိပါသေးတယ်။ ဒါကိုလည်း အဲ့ဒီပွဲ မစတင်ခင်ကတည်းက သိထားတာပါ။ ကျွန်တော်တို့ သေချာ ကစားနိုင်ခဲ့တယ်ဆိုတာကိုပါ ပြသနိုင်ခဲ့တယ်။ အစောပိုင်း သွင်းဂိုး(၂)ဂိုးနဲ့ အခြေအနေကို ကိုင်တွယ်နေခဲ့ရပေမယ့်လည်း ကျွန်တော်တို့ရဲ့ စိတ်နေသဘောထားတွေကိုတော့ ပြသနိုင်ခဲ့တယ်။ အဆုံးမှာ စိတ်ပျက်စရာ ရလဒ်မျိုး ထွက်ပေါ်ခဲ့ပေမယ့် တိုးတတ်လာတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့အသင်းရဲ့ အားအနည်းဆုံးက ခံစစ်အတွင်းပိုင်းမှာ ကောင်းကောင်း မကစားနိုင်ခဲ့တာနဲ့ VAR နဲ့ ပတ်သက်ပြီး ကံဆိုးမှု(၃)ကြိမ်တောင် ကြုံတွေ့မိခဲ့တာပါပဲ။ အာဆင်နယ်ရဲ့ တတိယဂိုးက လုံးဝ လူကျွံနေပြီး ရော်နယ်လ်ဒိုရဲ့ ဒုတိယဂိုးက လူမကျွံပါဘူး။ ဒီနေ့မှာတော့ VAR ရဲ့ ဆုံးဖြတ်ချက်တွေကို စိတ်ပျက်ခဲ့ရပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Exit mobile version