မန်ချက်စတာယူနိုက်တက်အသင်းမှာ နံပါတ်(၉)နေရာဖြစ်တဲ့ အထောင်တိုက်စစ်နေရာကို ဝင်ရောက်ကစားနေရတဲ့ ပြင်သစ်တိုက်စစ်ကစားသမားဖြစ်တဲ့ အန်တိုနီမာစီယဲလ်ရဲ့ ခြေစွမ်းတွေကိုကြည့်ရတာက ဒီတစ်ပတ်ကောင်းလိုက် နောက်တစ်ပတ်ကျရင် ခြေမပေါ်လိုက်နဲ့ အပြောင်းအလဲတွေများစွာ အတတ်အကျတွေများစွာ ဖြစ်ပေါ်နေတာမို့ ယူနိုက်တက်ကစားသမားဟောင်းကြီး အင်ဒီကိုးလ်က မာစီယဲလ်ကို အမြွှာခွဲပြီး ကစားနေသလားလို့တောင် ထင်မိတယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ယူနိုက်တက်အသင်းရဲ့ Main Player တစ်ယောက်ဖြစ်ပြီး အသင်းရဲ့တိုက်စစ်မှာလည်း ပွဲတိုင်းနီးပါး ပါဝင်ကစားရသူဖြစ်ပါတယ်။ ဒါပေမယ့် မာစီယဲလ်ရဲ့ခြေစွမ်းတွေက အမြဲလိုလို အတတ်အကျတွေ များလို့နေပြီး အသင်းအတွက် စိတ်ချရတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်မလာသေးတဲ့အတွက် ယူနိုက်တက်ပရိသတ်တွေက စိတ်ပျက်နေကြသလို အသင်းသားဟောင်းကြီး အင်ဒီကိုးလ်ကပါ မာစီယဲလ်ရဲ့Form ကို ဝေဖန်ပြောဆိုလာခဲ့ပါတယ်။ ကိုးလ်က “သူသာ ဘောလုံးရာသီတစ်ခုလုံးမှာ သူရဲ့ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းပြီး ကစားပြနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်အခုလို သူနဲ့ပတ်သက်တဲ့ အကြောင်းတွေကို ဆွေးနွေးပြောဆိုစရာတောင် မလိုပါဘူး”

Photo Credit : USA SportsRader

“ရက်သတ္တပတ်တစ်ခုအတွင်းမှာ သူကအကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်မယ်။ နောက်တစ်ပတ်လည်းကျရော ဟာ သူဘာဖြစ်သွားရတာတုန်းလို့ ပြောယူရလောက်အောင် ခြေမပေါ်နိုင်တော့ဘူး။ မသိရင် သူက အမြွှာခွဲပြီး ကစားနေသလိုပဲ။ ဒါက စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခုလို့ပဲ ကျွန်တော်တော့ ထင်မိတယ်။ ကျွန်တော် ဒီလိုကိုပဲ ထင်တာ။ သူကောင်းကောင်းပိုသိနေလိမ့်မယ်။ သူက တကယ့်ကို ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် သူအနေနဲ့ ပွဲတိုင်းမှာ အကောင်းဆုံး Form တစ်ခုရအောင် ကြိုးစားသင့်တယ်ဆိုတာ သူသိမှာပါ။ မန်ချက်စတာယူနိုက်တက်အသင်းမျိုးမှာ သင်ကစားရနေပြီဆိုရင် ပရိသတ်တွေက သင့်ဆီကနေ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို အမြဲလိုလို မြင်ချင်နေမှာပါ” လို့ သတိပေးစကားဆိုလာခဲ့ပါတယ်။ အင်ဒီကိုးလ်လိုပဲ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ တက်ဒီရှာရင်ဂမ်ကလည်း မာစီယဲလ်ကို အထောင်တိုက်စစ်နေရာမှာ ဆက်လက်အသုံးပြုနေဦးမယ်ဆိုရင် ယူနိုက်တက်က ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဘယ်လိုမှစိန်ခေါ်နိုင်မှာမဟုတ်ဘူးလို့ပါ သုံးသပ်ပြောဆိုထားခဲ့ဖူးပါတယ်။