မန်ယူအသင်းရဲ့ ပေါ်တူဂီ နောက်ခံ ကစားသမား ဒါလော့ကတော့ သူနဲ့ တစ်နိုင်ငံသား ဖြစ်တဲ့ မန်ယူအသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ချီးကျူးခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းက မန်ယူအသင်းမှာ (၂) နှစ်ကြာ ကစားထားတဲ့ ခြေစွမ်းပါလို့ ပြောခဲ့ပါတယ်။ ပေါ်တူဂီ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ စပို့တင်းအသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့ပြီး ယခုလ ဖေဖော်ဝါရီလ (၁) ရက်နေ့က ပွဲဦးထွက် ပွဲစဉ် ကစားခဲ့ရပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ မန်ယူအသင်းကို မပြောင်းလာခင် စပို့တင်းအသင်းအတွက် ကစားခဲ့စဉ်က ပွဲစဉ် (၂၆) ပွဲ ကစားခဲ့ရာမှာ (၁၅) ဂိုး သွင်းယူခဲ့ပြီး မန်ယူအသင်းအတွက်တော့ (၁) ပွဲသာ ကစားရသေးတာ ဖြစ်ပါတယ်။ နောက်ခံလူ ဒါလော့ဟာ (၂၀၁၈) ခုနှစ်မှာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းကနေ မန်ယူအသင်းကို ရောက်ရှိလာခဲ့ပြီး လက်ရှိမှာတော့ ရာသီဝက် အားလပ်ရက်ကြောင့် စပိန်နိုင်ငံကို ရောက်ရှိနေချိန်မှာ ဖာနန်ဒက်စ်ကို ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Goal

ဒါလာ့က “ပြီးပြည့်စုံလွန်းတယ်။ ကျွန်တော် ပြောချင်တာက ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းက မန်ယူအသင်းမှာ (၂) နှစ်ကြာ ကစားထားတဲ့ခြေစွမ်းပါ။ သူ အသင်းဖော်တွေနဲ့ အလွန် ကောင်းမွန်စွာ အပေးအယူ မျှနေပါတယ်။ ဒီအသင်းမှာ သူ ရှိနေတာဟာ အလွန် ကောင်းပါတယ်။ ကျွန်တော့်အတွက် နဲ့ အသင်းအတွက် အလွန် ကောင်းပါတယ်။ သူဟာ သိပ် ကောင်းတဲ့ ကစားသမား နဲ့ သိပ် ကောင်းတဲ့ သူပါ။ အသင်းကို ကူညီပေးမယ့် နောက် တစ်ယောက်ပါ”လို့ ပြောခဲ့ပါတယ်။