ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်က သူရဲ့ အင်္ဂလန် စီနီယာကစားသမားကြီးဖြစ်သူ ဒေးဗစ်ဘက်ခမ်း ရီးယဲလ်မက်ဒရစ်အသင်းမှာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၂၃)ဂျာစီဟာ သူငယ်စဉ်ကတည်းက အနှစ်သက်ဆုံးသော ဂျာစီတစ်ခု ဖြစ်ခဲ့ရပြီး အဲ့ဒီဂျာစီကို မချွတ်တမ်း ဝတ်ဆင်ခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

အင်္ဂလန်ကစားသမားဟောင်းကြီး ဘက်ခမ်းက မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတွေမှာ အထင်ကရ ကျောနံပါတ်ဖြစ်တဲ့ (၇)ကို ဝတ်ဆင်ခဲ့ပေမယ့် ယူနိုက်တက်ကနေ ရီးယဲလ်ကို ပြောင်းရွှေ့ချိန်မှာတော့ ရာအူးက ရီးယဲလ်ရဲ့ ကျောနံပါတ်(၇)ကို ဝတ်ဆင်ထားတာဖြစ်လို့ ဘက်ခမ်းက ကျောနံပါတ်(၂၃)ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကျောနံပါတ်နဲ့ ဘက်ခမ်းရဲ့ ရီးယဲလ်ဂျာစီကို ဒီကလန်ရိုက်စ်က အလွန်နှစ်သက်သဘောကျခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ရိုက်စ်က “ဘက်ခမ်းရဲ့ ကျောနံပါတ်(၂၃)ဂျာစီက ကျွန်တော်ရဲ့ ကလေးဘဝတုန်းက အကြိုက်ဆုံးသော ဘောလုံးဂျာစီတစ်ခု ဖြစ်ခဲ့ရတယ်”

Photo Credit : The Real Champs

“ကျွန်တော်ရဲ့အစ်ကိုတွေ မိသားစုတွေနဲ့အတူ အားလပ်ရက် လည်ပတ်ခဲ့စဉ်တုန်းက အဲ့ဒီဂျာစီကို မရပ်မနား ဝတ်ဆင်ခဲ့တာကို မှတ်မိပါသေးတယ်။ ဂျာစီရဲ့ ကျောဘက်မှာ ဘက်ခမ်းရဲ့နာမည် ကျောနံပါတ်တွေနဲ့ ထင်ရှားနေပါတယ်။ ဒါက ကျွန်တော်ရဲ့ အကြိုက်ဆုံးသော ဂျာစီတစ်ထည်တောင် ဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီတုန်းက ကစားသမားကောင်းတွေ အများကြီးပါပဲ။ ဒါပေမယ့် ကိုယ်ဝတ်ဆင်တဲ့ ဂျာစီရဲ့ကျောဘက်ခြမ်းမှာ ဘက်ခမ်းရဲ့ နာမည်နဲ့ သူရဲ့ကျောနံပါတ်တို့ကို ရေးသားဝတ်ဆင်ရတာက ငယ်ဘဝ အိမ်မက်တစ်ခုလိုပါပဲ” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဘက်ခမ်းတစ်ဦးတည်းသာ ရီးယဲလ်အသင်းမှာ အကောင်းဆုံး ကစားသမားတစ်ဦး မဟုတ်ပဲ အဲ့ဒီအချ်ိန်တုန်းက ဘက်ခမ်း ရော်နယ်လ်ဒိုနာဇာရီယို ဇီဒန်း ရာအူး ဖီဂို ကားလို့စ်တို့လို ကစားသမားကောင်းတွေ ရှိနေကြသလို ဘရာဇီးလ် တိုက်စစ်မှူးကြီး ရော်နယ်လ်ဒိုကတော့ သူ့အတွက် အနှစ်သက်ဆုံး ဘောလုံးသမား ဖြစ်ခဲ့တယ်လို့ ရိုက်စ်က ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ရိုက်စ်ဟာ လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ဝက်စ်ဟမ်းအသင်းနဲ့သာ ဆက်လက်ဖြတ်သန်းရဖွယ် ရှိနေပြီး နိုဝင်ဘာလထဲ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အင်္ဂလန်အသင်းနဲ့အတူ လက်ရွေးစင် ကစားသမားဘဝတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲရတော့မှာ ဖြစ်ပါတယ်။