ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်တောင်ပံတိုက်စစ်ကစားသမား ဝီလီယံက အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆင်နွဲပြီးတာနဲ့ အသင်းနဲ့သူနဲ့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိမှာ သူ့ကို ချယ်လ်ဆီးအသင်းဘက်ကနေ စာချုပ်သက်တမ်းတိုးမြင့်ချင်နေသလို ကလပ်အသင်းများစွာကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာကြောင့် ဝီလီယံအနေနဲ့ ဒီရက်ပိုင်းအတွင်းမှာပဲ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်သွားရတော့မှာဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၃၁)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တောင်ပံကစားသမား ဝီလီယံဟာ ဒီရာသီအကုန်မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ချယ်လ်ဆီးဘက်က ဝီလီယံအတွက် (၂)နှစ်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က အနည်းဆုံး(၃)နှစ်အထိ သက်တမ်းတိုးစေချင်နေတာကြောင့် စာချုပ်သစ်ကိစ္စက အခုအချိန်ထိကို အဆင်မပြေနိုင်တာဖြစ်ပါတယ်။ လတ်တလောမှာလည်း ဝီလီယံကို ကလပ်အသင်း(၅)သင်းလောက်ကနေ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ ဝီလီယံရဲ့အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆိုထားခဲ့တာကြောင့် ဝီလီယံရဲ့အနာဂတ်က ဘာဆက်ဖြစ်လာဦးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Photo Credit : Daily Express

ဝီလီယံရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က “ဒါက သူရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ ဖြစ်လာမှာပါ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်မှာတော့ အဖြေမရှိပါဘူး။ ကျွန်တော်နဲ့ ဝီလီယံရဲ့ကြားမှာတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးတော့ ရှိနေပါတယ်။ ဒါပေမယ့် သူဘယ်လို ဆုံးဖြတ်ချက်ချမှတ်မလဲဆိုတာကိုတော့ ကျွန်တော်တကယ်မသိရှိပါဘူး။ လာမယ့်ရက်ပိုင်းလေးအတွင်းမှာတော့ သူဘက်ကနေ ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ဝီလီယံနဲ့ အလုပ်တွဲလုပ်ရတဲ့အပေါ် ပျော်ရွှင်မိပါတယ်။ ဒီရာသီမှာလည်း သူက အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါသူရဲ့ဆုံးဖြတ်ချက်ပဲဆိုတော့ ဘာပဲဆုံးဖြတ်ပါစေ ကျွန်တော်သူရဲ့ဆုံးဖြတ်ချက်အပေါ် လေးစားနေမှာပါ။ သူဒီမှာ ဆက်နေတာပဲဖြစ်ဖြစ် အသင်းကနေ ထွက်ခွာတာပဲဖြစ်ဖြစ် သူဒီအသင်းအပေါ် အများကြီးထမ်းဆောင်ပေးခဲ့ပြီဖြစ်လို့ သူ့ဆုံးဖြတ်ချက်တိုင်းကို လေးစားသွားမှာပါ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဝီလီယံဟာ ၂၀၁၃ခုနှစ်ကမှ အန်ဇီအသင်းကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၇)နှစ်တာ ဖြတ်သန်းခဲ့ပြီးနောက်မှာ ဆုဖလားအောင်မြင်မှုတွေများစွာကို အရယူနိုင်ခဲ့ပါတယ်။