မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက သူရဲ့နည်းပြသက်တမ်းတလျှောက် ဆုဖလားအောင်မြင်မှုတွေများစွာကို ရယူနိုင်ခဲ့ရခြင်းဟာ ဘာစီလိုနာ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့လို ထိပ်တန်းကလပ်အသင်းတွေကို ကိုင်တွယ်နေရလို့သာ အခုလို ဆုဖလားတွေကို အလွယ်တကူနဲ့ ရယူနိုင်တာဖြစ်တယ်လို့ သုံးသပ်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

နည်းပြဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ မန်စီးတီးအသင်းနဲ့အတူ ဒီနှစ်ရာသီအတွက် ပထမဆုံး ဆုဖလားတစ်ခုအဖြစ် ခါရာဘောင်း လိဂ်ဖလားကို ပိုင်ဆိုင်ခဲ့ရပြီး ဒီဆုဖလားဟာ ဂွာဒီယိုလာရဲ့ နည်းပြသက်တမ်းတလျှောက် (၂၅)ကြိမ်မြောက်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့တဲ့ အဓိကဆုဖလားတစ်လုံးပါ ဖြစ်လာခဲ့ရပါတယ်။ ဒီလို ဆုဖလားတွေ ရယူနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဂွာဒီယိုလာက “ဒါက ကောင်းမွန်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဘာစီလိုနာ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့လို ထိပ်တန်းကလပ်အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ရတာပါ။ ဒါကြောင့်လည်းပဲ ဆုဖလားတွေကို အလွယ်တကူ ရယူနိုင်နေတာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

ဂွာဒီယိုလာဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ မန်စီးတီးအသင်းအတွက် နောက်ထပ်ဆုဖလားတစ်ခုအဖြစ် ပရီးမီးယားလိဂ်ဖလားကိုပါ ရယူသွားနိုင်ဖို့ အခြေအနေကောင်းနေပြီဖြစ်သလို ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ တတ်ရောက်ထားတာဖြစ်လို့ ဒီတစ်ရာသီအတွင်း ဆုဖလား(၃)လုံး ရယူနိုင်ဖို့ကလည်း မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ တနင်္ဂနွေနေ့ စပါးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲအတွင်း နှစ်ဖက်အသင်းရဲ့ ပရိသတ်ပေါင်း (၈)ထောင်ရှေ့မှာ ကစားခဲ့ရတာဖြစ်ပြီး အခုလို ပရိသတ်တွေ့ရှေ့မှာ ပြန်လည်ကစားခဲ့ရတဲ့ ခံစားချက်က အရမ်းကောင်းတယ်လို့လည်း ဂွာဒီယိုလာက ပြောဆိုလာခဲ့ပါတယ်။ ဂွာဒီယိုလာက “ဒါက ကွင်းတစ်ကွင်းလုံး အပြည့်အလျှံတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပရိသတ်တွေဆီကနေ ဆူညံစွာ အားပေးနေတဲ့ အသံတွေကို ကြားနေရတာ အရမ်းကို ကောင်းမွန်ပါတယ်။ ဒီပြိုင်ပွဲမှာလည်း (၄)နှစ်ဆက်တိုက်အထိကို ဗိုလ်စွဲနိုင်ခဲ့လို အရမ်းပျော်နေရပါတယ်။ ပြိုင်ပွဲကို အနိုင်ရအောင် ကြိုးစားကစားခဲ့သလို အခွင့်အရေးများစွာကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့အသင်းကလည်း ကောင်တာတိုက်စစ်ကနေ အခွင့်အရေးတချို့ကို ဖန်တီးခဲ့ပါသေးတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ တစ်ပွဲလုံးကို ကျွန်တော်တို့ဘက်က အကောင်းဆုံးကစားနိုင်ခဲ့တာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။