ဒီနေ့ညမှာတော့ ကာရာဘောင်းလိဂ်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့က ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်လည်း ဖြစ်သလို ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ မန်ချက်စတာဒါဘီပွဲစဉ်လည်း ဖြစ်နေရတာကြောင့် ပွဲကြည့်ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို အပြည့်အဝ ပေးစွမ်းနိုင်မှာ သေချာနေသလို ဘယ်အသင်းက ဖိုင်နယ်ကို တတ်လှမ်သွားမလဲဆိုတာကလည်း ခန့်မှန်းရခက်နေနိုင်ပါတယ်။

Photo Credit : The Mirror

လက်ရှိမှာတော့ စပါးအသင်းက ဘရန့်ဖိုဒ့်အသင်းကို ဆီမီးဖိုင်နယ်အဆင့်မှာ (၂)ဂိုးပြတ်နဲ့ အနိုင်ယူထားခဲ့တာကြောင့် ဖိုင်နယ်ကို ရောက်ရှိနေပြီဖြစ်ပြီး ဒီညမှာ ထိပ်တိုက်ရင်ဆိုင်ရမယ့် မန်ချက်စတာအသင်း(၂)သင်းထဲက တစ်သင်းသင်းနဲ့ ဖိုင်နယ်မှာ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒီပွဲစဉ်နဲ့ပတ်သက်ပြီး မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက “ယူနိုက်တက်အသင်းက အမြဲတမ်းလို ထိပ်တန်းအသင်းကြီးတစ်သင်းအဖြစ် ရပ်တည်နေတာပါ။ ကျွန်တော် ဒီအသင်းကို ဘာစီလိုနာ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ပါ ဒီနေရာမှာပဲ ရင်ဆိုင်ခဲ့ဖူးပါတယ်”

Photo Credit : Daily Express

“ရင်ဆိုင်ခဲ့ရတဲ့ အချိန်တိုင်းမှာလည်း အရေးပါတဲ့ပွဲစဉ်တွေ ဖြစ်ခဲ့ရတယ်။ အခုကတော့ မြို့ခံအသင်းတွေအဖြစ် ရင်ဆိုင်ရမှာပါ။ ယူနိုက်တက်ကတော့ ဆယ်စုနှစ်တစ်ခုလောက်အထိ စီးတီးရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း သူတို့တွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ခါတစ်ရံ အနိုင်ရခဲ့သလို တစ်ခါတစ်လေ ရှုံးနိမ့်ခဲ့ရပြီး များသောအားဖြင့် အနိုင်ရယူနိုင်ခဲ့တဲ့အပေါ် ကျွန်တော်တို့တွေ အလွန်ဂုဏ်ယူမိပါတယ်။ သူတို့အသင်းက အမြဲတမ်းစိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းပါ။ နှစ်တိုင်းလိုလို ဘောလုံးရာသီတစ်ခုကို စတင်လိုက်ပြီဆိုတာနဲ့ ယူနိုက်တက်ကို ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့ အသင်းတွေရဲ့စာရင်းထဲမှာကို ထည့်သွင်းထားရတယ်။ ဒါပေမယ့် သူတို့အသင်းက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒီအတိုင်းမဖြစ်လာခဲ့တာကတော့ သူတို့အသင်းအတွက် မေးခွန်းထုတ်စရာပါ။ ဒါပေမယ့် ယူနိုက်တက်နဲ့ပဲဖြစ်ဖြစ် တခြားဘယ်အသင်းနဲ့ပဲဖြစ်ဖြစ် ချန်ပီယံဆုအတွက် ရင်ဆိုင်ယှဉ်ပြိုင်ရတာကတော့ ဘာမှခြားနားမှု မရှိပါဘူး “ လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ လိဂ်ဖလားကို (၃)ရာသီဆက်တိုက် ရယူထားနိုင်ခဲ့တာဖြစ်သလို ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဆီမီးဖိုင်နယ်မှာ အခုလို ယူနိုက်တက်အသင်းနဲ့ပဲ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး ယူနိုက်တက်ကို ဖြတ်ကျော်ကာ ဖိုင်နယ်မှာ အက်စတွန်ဗီလာကို အနိုင်ယူခဲ့ရင်းနဲ့ လိဂ်ဖလားကို ဗိုလ်စွဲထားခဲ့ရတာဖြစ်ပါတယ်။