စပါးအသင်းရဲ့နည်းပြ အန်တိုနီယိုကွန်တီက သူယခင် ကိုင်တွယ်ခဲ့ဖူးတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ အခြေအနေဆိုးကြီးတွေအပေါ် များစွာစိတ်မကောင်းဖြစ်မိရကြောင်း ဒီအခြေအနေဟာ အသင်းသားတွေ နည်းပြသောမတ်စ်တူဟယ်လ်နဲ့ အသင်းပရိသတ်တွေအတွက် တကယ့်ကို မလွယ်ကူနိုင်တဲ့ အနေအထားမျိုး ဖြစ်နေရတယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sportskeeda

အသင်းပိုင်ရှင် ရုရှားသူဌေးကြီး ရိုမန်အေဘရာမိုဗစ်ချ်က ရုရှားသမ္မတပူတင်နဲ့ ရင်းနှီးတဲ့ ပတ်သက်မှုတွေ ရှိခဲ့ဖူးတာကြောင့် ဗြိတိန်အစိုးရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမှာချိန်မှာ မိုဗစ်ချ်ကိုရော သူရဲ့အသင်း ချယ်လ်ဆီးကိုပါ ဆိုးဆိုးရွှားရွှား အကျိုးသက်ရောက်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေနဲ့ကြုံတွေ့နေရတဲ့ အသင်းဟောင်းအပေါ် နည်းပြကွန်တီက “ရိုးရိုးသားသား ပြောရရင် ကျွန်တော် ဒီအခြေအနေတွေကို နားထောင်ခဲ့ဖူးပါတယ်။ ဒီမနက် ကျွန်တော်တို့ လေ့ကျင့်ခန်း အစီအစဉ် တစ်ခုအတွင်းမှာ ကြားလိုက်ရတာ။ လွယ်တော့ မလွယ်ကူနိုင်ပါဘူး။ အရိုးသားဆုံး ပြောရရင် ဒါဟာ စိတ်မကောင်းစရာလည်း ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဒီအသင်းမှာ ကိုင်တွယ်ခဲ့ဖူးတာကြောင့်ပါ”

Photo Credit : Yahoo

“ဒီအသင်းမှာ နှစ်ရာသီကြာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတယ်။ ဒီအသင်းအတွက် အလုပ်လုပ်ပေးခဲ့ပြီး ဆုဖလား(၂)ခု ရယူပေးနိုင်ခဲ့တယ်။ အခု ဒီလိုအခြေအနေတွေ နားထောင်နေရတာက တကယ်ကို စိတ်မကောင်းစရာပါ။ ဒါ ကစားသမားတွေအတွက် မလွယ်ကူပါဘူး။ သောမတ်စ်တူဟယ်လ်အတွက်ရော အသင်းပရိသတ်တွေအတွက်ရော ချယ်လ်ဆီးနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်တစ်ခုလုံးအတွက် မလွယ်ကူပါဘူး။ အရိုးသားဆုံးပြောရရင် ယေဘုယျအားဖြင့်တော့ ရုရှားနဲ့ ယူကရိန်းတို့ကြားက လက်ရှိ အခြေအနေက အရေးကြီးလွန်းနေတဲ့အတွက် အားလုံးအဆုံးသတ်ပြီး ငြိမ်ချမ်းအောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်မိပါတယ်။ နောက်ပြီး ဒီပဋိပက္ခတွေကနေ ဖြစ်ပေါ်လာရတဲ့ တခြားအကြောင်းအရာတွေ ဒါတွေကိုတော့ မမှန်ဘူးလို့ ကျွန်တော်ထင်မိတယ်။ ချယ်လ်ဆီးအတွက် ကျွန်တော် အကောင်းဆုံးတွေကိုပဲ မျှော်လင့်မိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဒီအသင်းမှာ ကောင်းမွန်တဲ့ နှစ်ရာသီကို ဖြတ်သန်းခဲ့ရလို့ပါ။ သေချာတာကတော့ ကျွန်တော် အရင်က ကိုင်တွယ်ခဲ့တဲ့ ကလပ်အသင်းတိုင်းကို ကျွန်တော်ချစ်မြတ်နိုးမိတယ်။ ဘယ်အသင်းကိုမဆို ကျွန်တော် အခုချိန်ထိ နှစ်သက်သဘောကျတယ်။ ဒီအသငး်တွေအတွက်ကိုလည်း အကောင်းဆုံးတွေ ဖြစ်လာစေဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။