ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အထူးခြေစွမ်းပြသလျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောဟာ ဒီရာသီ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ဆက်တိုက်ကို ရရှိလို့နေတဲ့အပြင် အခုလည်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ကိုပါ ပြန်လည်ရွေးချယ်ခံလိုက်ရပြီဖြစ်တာကြောင့် မကြာခင်မှာ ယှဉ်ပြိုင်သွားရတော့မယ့် ဥရောပဇုန်အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာပါ အင်္ဂလန်အသင်းနဲ့အတူ ဝင်ရောက်ကစားရတော့မှာဖြစ်လို့ အလွန်ပျော်ရွှင်နေတယ်လို့ လုခ်ရှောက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၅)နှစ်အရွှယ်ရှိ နောက်ခံအစွန်လူ လုခ်ရှောဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၃၅)ပွဲ ပါဝင်ကစားထားခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ဂိုးဖန်တီးမှု (၅)ကြိမ်အထိ စွမ်းဆောင်ပေးထားနိုင်ခဲ့ကာ ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေကြောင့် အင်္ဂလန်နည်းပြ ဂရိတ်ဆောက်ဂိတ်က ဆန်မာရီနို အယ်ဘေးနီးယား ပိုလန်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမယ့် ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် လုခ်ရှောကို လက်ရွေးစင်အသင်းရဲ့ လူစာရင်းအတွင်းမှာ ပြန်လည်ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။

Photo Credit : The Guardian

အခုလို လက်ရွေးစင်အသင်းအတွက် ပြန်လည်ရွေးချယ်ခံရတာနဲ့ပတ်သက်ပြီး လုခ်ရှောက “ကျွန်တော် အရမ်းကို ပျော်ရွှင်မိပါတယ်။ ကိုယ်ရဲ့နိုင်ငံလက်ရွေးစင်အသင်းအတွက် အခုလို ရွေးချယ်ခံရတာက ဂုဏ်ပြုမှုကြီး တစ်ခုလိုပါပဲ။ အချိန်အတိုင်းအတာတစ်ခုလောက် အသင်းမှာ ရွေးချယ်မခံလိုက်ရပေမယ့် လူစာရင်းအတွင်း ပြန်လည်ပါဝင်ဖို့အတွက်ကို အမြဲတမ်း ရည်မှန်းချက်ထား ကြိုးစားခဲ့ပါတယ်။ အခုတော့ ကျွန်တော် အကောင်အထည် ဖော်နိုင်ခဲ့ပါပြီ။ အသင်းဖော်တွေနဲ့အတူ ရှေ့ဆက်သွားနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ၂၀၁၈ခုနှစ်နောက်ပိုင်းကတည်းက အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်မရှိတော့တဲ့ လုခ်ရှောဟာ မတ်လအတွင်းမှာ ကျင်းပဖို့ရှိနေတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာပါ ပါဝင်ရဖွယ်လည်း ရှိနေပါတယ်။ လုခ်ရှောလိုပဲ လုခ်ရှောရဲ့ ယူနိုက်တက်အသင်းဖော်ဖြစ်ပြီး လက်ရှိ ဝက်စ်ဟမ်းယူနိုက်တက်မှာ အငှားနဲ့ ပါဝင်ကစားလို့နေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျီဆီလင်ဂတ်မှာလည်း အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းအတွင်းမှာ ပြန်လည်ပါဝင်လာခဲ့ရပါတယ်။