စပါးအသင်းရဲ့ နည်းပြ မော်ရင်ဟိုကတော့ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ (၄) နှစ် ဒါမှမဟုတ် (၆) နှစ်အတွင်း ကစားသမားကောင်းတွေ များစွာကို ခေါ်ယူခဲ့ရာမှာ ငွေကြေး များစွာ အသုံးပြုခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ (၂) ရာသီအတွင်း ချန်ပီယံလိဂ် ဆုဖလား မရနိုင်ခဲ့တာက အသင်းရဲ့ ကျရှုံးမှု ဖြစ်ပါတယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အရင်က အသင်းရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ သမိုင်း တစ်လျှောက်မှာ အမြင့်မားဆုံး အဆင့် အဖြစ် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ်အဆင့်ကိုသာ ရောက်ရှိနိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိရာသီမှာတော့ အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို တက်လှမ်းခဲ့ပါတယ်။

Photo Credit: Goal

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ် ကစားခဲ့စဉ်က လိုက်ပ်ဇစ်အသင်းကို (၃-ဝ) ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ပထမဆုံး အကြိမ် တက်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကိုတော့ တူရကီနိုင်ငံမှာ ဂျာမနီအသင်းကြီး ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၁) ခုနှစ်မှာ ကွာတာ အားကစား ရင်းနှီးမြုပ်နှံမှု (QSI) က ဝယ်ယူပြီးနောက် တိုက်စစ်မှူး နေမာ အပါအဝင် ကစားသမားကောင်းတွေ များစွာ ခေါ်ယူခဲ့တာကြောင့် စပါ နည်းပြ မော်ရင်ဟိုက ပီအက်စ်ဂျီအနေနဲ့ ပြီးခဲ့တဲ့ (၂) ရာသီအတွင်း ချန်ပီယံလိဂ် ဖလား မရနိုင်ခဲ့တာက ကျရှုံးမှုပါလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

DAZN သတင်းမှာ နည်းပြ မော်ရင်ဟိုက “ပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့ (၂) ရာသီအတွင်းမှာ ချန်ပီယံလိဂ် ဆုဖလား မရနိုင်တာက ကျရှုံးမှု ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုရင် ပြီးခဲ့တဲ့ (၄) နှစ် ဒါမှမဟုတ် (၆) နှစ်အတွင်း ရင်းနှီးမြုပ်နှံမှုက ရူးသွပ်ချင်စရာ ဖြစ်ပြီး ထိပ်သီး ကစားသမား စာရင်းကလည်း မယုံနိုင်စရာ ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် သီယာဂို ဆေးလ်ဗားက အဲဒီအသင်းမှာ ရှိနေပါတယ်။ မာကွင်ဟို့စ်ကလည်း အဲဒီမှာ ရှိနေတယ်။ ကစားသမားကြီးတွေ ဖြစ်ကြတဲ့ ဘီဘရာဟီမိုဗစ် နဲ့ ကာဗာနီတို့လည်း အဲဒီမှာ ကစားခဲ့ကြတယ်။ အခု နေမာ နဲ့ အမ်ဘာပေလည်း ရှိနေတယ်။ သေချာတာပေါ့။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရတာက သူတို့ရဲ့ အိပ်မက် ဖြစ်ပြီး ပထမဆုံး အကြိမ်အနေနဲ့ ဒီလို အခြေအနေကို ရောက်ရှိလာခဲ့ကြတယ်။ သူတို့တွေက ဒီလိုမျိုးပွဲစဉ်တွေမှာ တောက်ပနိုင်ကြတဲ့ ကစားသမားမျိုးတွေ ဖြစ်ကြပါတယ်”လို့ ပြောခဲ့ပါတယ်။