ပြီးခဲ့တဲ့ရက်ပိုင်းက အိုးထရက်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်စတာအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်ယူနိုက်တက်အသင်းက ဗီလာကို အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းကနေ ကစားသမား (၁၀)ယောက်လောက် အပြောင်းအလဲ ပြုလုပ်ထားပြီး လူငယ်ကစားသမားလေးတွေဖြစ်တဲ့ အာမတ်နဲ့ အယ်လန်ဂါတို့ကိုပါ ပွဲဦးထွက်အဖြစ် အသုံးပြုလာခဲ့ကာ လက်စတာကိုလည်း (၁)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Twitter

ဒီရှုံးပွဲဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရပြီးသား ယူနိုက်တက်အသင်းအတွက် ဘာမှမပြောလောက်ပေမယ့် လက်စတာအသင်းအတွက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းသွားခဲ့သလို ဝက်စ်ဟမ်း လီဗာပူးလ်တို့လို အဆင့်(၅) (၆)နေရာမှာ ရှိနေကြတဲ့ ကလပ်အသင်းတွေအတွက် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ ထိခိုက်သွားခဲ့ရပါတယ်။ ဒီလို ကစားသမားများစွာ အပြောင်းအလဲ လုပ်လာခဲ့ပြီး လက်စတာကို ယှဉ်ပြိုင်ရင်း ရှုံးနိမ့်ခဲ့လိုက်ရတာ ခါးသီးပြိုင်ဘက် လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေကို ဖျက်ဆီးဖို့ ရည်ရွှယ်ခဲ့တာဆိုပြီး ယူနိုက်တက်အသင်းကို စွပ်စွဲပြောဆိုနေကြပေမယ့် လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ကတော့ ဆိုးရှားလ်ရဲ့ လူအသုံးပြုမှုကို ထောက်ခံမှုသာ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : Goal

ကလော့ပ်က “ဒီလို ပွဲထွက်လူစာရင်းမျိုး ဖြစ်လာမယ်ဆိုတာ ကျွန်တော်မျှော်လင့်ထားပြီးသားပါ။ ဆိုးရှားလ်အနေနဲ့ ဒီလို အပြောင်းအလဲတွေ ပြုလုပ်လာမယ်ဆိုတာကို ကျွန်တော်သိထားပြီးသားလို့ ပြောခဲ့တာလည်း အကြိမ်ရေ (၅၀၀)လောက်ကို ရှိနေပါပြီ။ ဒါတွေက မန်ချက်စတာမှာ ဆန္ဒပြနေတဲ့ သူတွေကြောင့် ဖြစ်လာရတာတွေပဲလေ။ တနင်္ဂနွေ-အင်္ဂါနဲ့ ကြာသပတေးနေ့တွေအထိ ဆက်တိုက်ကစားရတယ်ဆိုတာက ပြစ်မှုတစ်ခုလိုပါပဲ။ ဒါတွေက အိုလေဂန်နာဆိုးရှားလ်ရော သူရဲ့ကစားသမားတွေရဲ့ အပြစ်ရော မဟုတ်ပါဘူး။ ဒါဆိုရင် ကျွန်တော့်ကို ကျွန်တော်ပြန်ပြီး မေးကြည့်မိတယ်။ ငါဆိုရင်ရော ဒီအတိုင်း လုပ်လာနိုင်မလားဆိုပြီး။ သေချာပေါက်ကို လုပ်ဆောင်မိမှာပါ။ ခင်ဗျားဆိုလည်း လုပ်ဆောင်မှာပါ။ အခု ကျွန်တော်တို့က ရာသီပြီးဆုံးခါနီးကို ရောက်ရှိနေတာပါ။ ယူနိုက်တက်အသင်းက ယူရိုပါလိဂ် ဗိုလ်လုပွဲလည်း ကစားရဦးမယ်။ တနင်္ဂနွေ-အင်္ဂါနဲ့ ကြာသပတေးနေ့တွေကို ဆက်တိုက်ကစားနေရတာကတော့ မဖြစ်သင့်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီနေ့ညမှာတော့ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ဆိုးရှားလ်ရဲ့ ယူနိုက်တက်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။