မနေ့ညက ကျင်းပသွားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်းမှာ ပီအက်စ်ဂျီအသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး ပီအက်စ်ဂျီအသင်းက (၃)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး အသင်းရဲ့သမိုင်းကြောင်းတလျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီကို ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းသွားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်လိုက်ပ်ဇစ်အသင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ များစွာပါဝင်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းမှာတော့ ဥရောပအတွေ့အကြုံရင့် ကစားသမားဦးရေက ပိုမိုများပြားနေတာကြောင့် အခုလို ဂိုးပြတ်ခြေပြတ်နဲ့ကို အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

Photo Credit : The42

ပွဲအပြီးမှာ ပီအက်စ်ဂျီအသင်းနည်းပြဖြစ်သူ သောမတ်စ်တူချယ်က အသင်းရဲ့နိုင်ပွဲနဲ့ပတ်သက်ပြီး “အရမ်းခမ်းနားလွန်းပါတယ်။ ကျွန်တော်တို့ ဖိုင်နယ်အထိကစားဖို့နဲ့ ဆုဖလားကြီးကို ပိုင်ဆိုင်ရရှိဖို့အတွက် ဒီနေရာကို ရောက်ရှိလာခဲ့တာပါ။ အသင်းကလည်း ကစားသွားတာ အရမ်းကို ကောင်းပါတယ်။ ကျွန်တော်တို့အသင်းက အသင်းရဲ့အရည်အသွေးတွေ အောင်မြင်မှုအပေါ် ဆာလောင်စိတ်တွေ ရည်မှန်းချက်တွေကို ပြသနိုင်ခဲ့ပါတယ်။ အကောင်းဆုံးရောစပ်မှုတွေကို ပြသနိုင်ခဲ့တယ်။ နောက်ပြီး အသင်းက အနိုင်ရဖို့လည်း ထိုက်တန်ခဲ့ပါတယ်”

Photo Credit : Goal

“ကျွန်တော်စိတ်လှုပ်ရှားခဲ့တာတော့ အမှန်ပါပဲ။ ဖိအားနည်းနည်းဝင်နေသလို ခံစားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်ဆီမှာက အဲ့ဒီဖိအားတွေနဲ့အတူ အကောင်းဆုံးကစားပြနိုင်မယ့် ကစားသမားတွေကို ပိုင်ဆိုင်ထားရပါတယ်။ သူတို့တွေက ဖိအားဒဏ်အောက်မှာ ကစားနေရတာကိုတောင် ပျော်ရွှင်နေကြပါတယ်။ ဘောလုံးပွဲတွေထဲမှာ ကျွန်တော်တို့တွေ ဘယ်တော့မှ မသေချာနိုင်ဘူး။ ဒါပေမယ့် မနေ့ညက ကျွန်တော်တို့ ခံစစ်ကိုလည်း အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့တယ်။ ဒါက အရေးကြီးတယ်။ ကျွန်တော်တို့ရဲ့အစီအစဉ်ကတော့ ပွဲကိုစိုးမိုးထားမယ်။ နေရာလွတ်တွေမဖြစ်အောင် ထိန်းချုပ်ထားမယ်။ ဒီမာရီယာ နေမာ ဘာပေတို့ရဲ့ Speed တွေကို အသုံးချသွားမယ်။ ချန်ပိယံလိဂ်ဆိုတာက သူတို့လို ထိပ်တန်းကစားသမားတွေရဲ့ပြိုင်ပွဲတစ်ခုပဲလေ။ ကျွန်တော်တို့တွေ သူတို့ကို လွတ်လွတ်လပ်လပ် ကစားနိုင်အောင် စီစဉ်ပေးလိုက်ရုံပဲ။ ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ကစားပုံနဲ့ အရမ်းကြီး လိုက်လျောညီထွေနေအောင် ကစားဖို့မလိုပါဘူး။ ကျွန်တော်တို့ရဲ့လုပ်အားနှုန်းတွေကိုပဲ ပြသသွားဖို့ လိုအပ်တာပါ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အခုလို ဖိုင်နယ်ကို ပထမဆုံးအကြိမ် တတ်လှမ်းလာခဲ့တဲ့ ပီအက်စ်ဂျီအသင်းက ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားသွားမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ လိုင်ယွန်အသင်းတို့ထဲက အနိုင်ရလာတဲ့အသင်းနဲ့ ဖိုင်နယ်မှာ အကြိတ်အနယ် ရင်ဆိုင်ကစားရတော့မှာဖြစ်ပါတယ်။