ယူရို-၂၀၂ဝပြိုင်ပွဲကြီးကို ဆက်တိုက်ကျင်းပလာခဲ့ရာ ဒီနေ့ဆိုရင်တော့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေထဲကမှ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ အီတလီလက်ရွေးစင်အသင်းနဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲကို ကျင်းပရတော့မှာဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူထားဖူးတဲ့ ချန်ပီယံဟောင်း(၂)သင်း အခုလို ဆီမီးဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံရခြင်းဟာ ဘောလုံးပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစေရမှာ သေချာနေပြီး ဘယ်အသင်းကများ ဖိုင်နယ်ပွဲစဉ်ထိကို ဆက်လက်ချီတတ်သွားနိုင်မလဲဆိုတာကို သုံးသပ်သွားကြည့်ချင်ပါတယ်။

Photo Credit : Twitter

အီတလီအသင်းကတော့ နည်းပြမန်စီနီလက်အောက် ရလဒ်တွေ အရမ်းကောင်းနေသလို ခြေစွမ်းပိုင်းနဲ့ စိတ်ဓါတ်ပိုင်းတွေမှာ အလွန်ကောင်းမွန်နေပါတယ်။ သူတို့အသင်းရဲ့ (၃၂)ဆက် ရှံးပွဲမရှိသေးတဲ့ စံချိန်နဲ့ (၁၅)ပွဲဆက်တိုက် နိုင်ပွဲဆက်ထားတဲ့ စံချိန်တွေကို ရပ်တန့်ပြစ်နိုင်ဖို့ ခက်ခဲပါတယ်။

လက်ရှိ အီတလီရဲ့ ခံစစ်နဲ့ ကွင်းလယ်ပိုင်းတွေက အကောင်းဆုံး အနေအထားမှာ ရှိနေသလို တိုက်စစ်မှာလည်း အင်ဆစ်ဂနီနဲ့ အင်မိုဘီလီတို့က အသင်းအတွက် သွင်းဂိုးတွေကို အချိန်မရွေး ရယူပေးနိုင်တာဖြစ်လို့ သူတို့အသင်းကို ကျော်ဖြတ်ဖို့ဆိုတာ အတော်လေး ခဲယဉ်းနိုင်ပါတယ်။

Photo Credit : Twitter

ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုတွေ များစွာရယူထားတဲ့ စပိန်အသင်းကတော့ ခြေစွမ်းပိုင်းက အားရစရာကောင်းလှတဲ့ အနေအထားမျိုးမှာ ရှိမနေသေးပေမယ့် အသင်းသားတွေရဲ့ အကောင်းဆုံး ကြိုးစားအားထုတ်မှုနဲ့ ဒီအဆင့်ထိကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ရလဒ်အရဆိုရင် အုပ်စုအဆင့်ကနေ ကွာတားအထိ မိနစ်(၉၀)အတွင်း အနိုင်ရခဲ့တာက ဆလိုဗက်ကီးယားနဲ့ပွဲစဉ်သာရှိခဲ့တာကိုလည်း မေ့ထားလို့မရပါဘူး။ ဒါပေမယ့်လည်း စပိန်က ကွင်းလယ်ပိုင်းကို စိုးမိုးပြီး တောင်ပံတိုက်စစ်တွေကနေ ဂိုးရအောင် ထိုးဖောက်နိုင်တာဖြစ်လို့ စပင်နာဇိုလာ မပါနိုင်တော့တဲ့ အီတလီခံစစ်အစွန်ခြမ်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo Credit : The Sun

ဒီအသင်း(၂)သင်းက နိုင်ငံတကာပြိုင်ပွဲတွေအတွင်း အတော်လေးကို ရေစက်ဆုံကြတဲ့ အသင်းတွေလို့တောင် ပြောရမှာဖြစ်ပြီး ပြိုင်ပွဲစုံအတွင်း အကြိမ်ကြိမ် တွေ့ဆုံထားခဲ့သလို ယူရို-၂၀၁၂ ဗိုလ်လုပွဲမှာလည်း တွေ့ဆုံထားခဲ့ပြီး စပိန်က အပြတ်အသတ် အနိုင်ရခဲ့ကာ ဗိုလ်စွဲထားခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိစပိန်အသင်းရဲ့ ခြေစွမ်းပိုင်းက အဲ့ဒီချိန်တုန်းက စပိန်အသင်းလို ထက်မြက်နေခြင်း မရှိတော့သလို ဂျော်ဂျင်ဟို ဗာရက်တီတို့ရဲ့ အီတလီကွင်းလယ်ပိုင်းကို စိတ်ကြိုက်ကစားနိုင်ဖို့ကလည်း မလွယ်ကူပါဘူး။ ဒါကြောင့် လတ်တလောမှာ Form လည်း ကောင်းနေပြီး စိတ်ဓါတ်ပိုင်းလည်း အမြင့်ဆုံးကို ရောက်ရှိနေတဲ့ အီတလီတို့ပဲ ဗိုလ်လုပွဲကို တတ်လှမ်းသွားနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။