ယူရို၂၀၂၀ချန်ပီယံ အီတလီ လက်ရွေးစင်အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ လစ်သူယေးနီးယားကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့ပြီးနောက် ဆက်တိုက် ရှုံးပွဲမရှိ အများဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

အီတလီ လက်ရွေးစင်အသင်းဟာ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးပြီးနောက် အသင်းကို ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ခဲ့ပြီး နာမည်ကျော်နည်းပြ မန်စီနီကို ယုံယုံကြည်ကြည် ခန့်အပ်ခဲ့ပါတယ်။

Photo Credit: The Analyst

အဲ့ဒီနောက်မှာတော့ မန်စီနီရဲ့ အရည်အချင်းတွေကြောင့် အီတလီ လက်ရွေးစင်အသင်းရဲ့ ကစားပုံနဲ့ ရလဒ်ပိုင်းတွေဟာ တိုးတက်လာခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲမှာတော့ ပြိုင်ပွဲတလျှောက် အကောင်းဆုံး အသင်းလိုက် ကစားပုံကို ပြသခဲ့ပြီး အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အထိ တိုးတက်လာပါတယ်။

မှတ်တမ်းမှတ်ရာတွေအရ အီတလီ လက်ရွေးစင်အသင်းဟာ ပြိုင်ပွဲစုံမှာ ၃၇ပွဲ အထိ ရှုံးပွဲမရှိခဲ့ပဲ အဆိုပါ အံ့မခန်းစွမ်းဆောင်ရည်က ကမ္ဘာ့ဘောလုံးလောကရဲ့ သမိုင်းမှာ ရှုံးပွဲမရှိ အများဆုံး လက်ရွေးစင်အသင်း အဖြစ် အီတလီအသင်းကို မှတ်တမ်းဝင်စေခဲ့ကြောင်း သိရပါတယ်။

Photo Credit: The Analyst

လက်ရှိမှာတော့ အီတလီအသင်းရဲ့ ကစားပုံဟာ တရိပ်ရိပ်နဲ့ ပိုမို တိုးတက်လာသလို မန်စီနီကလည်း သူတို့အသင်းဟာ အကောင်းဆုံးပုံစံကို ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲ အထိ ထိန်းသိမ်းသွားဖို့ ရည်ရွယ်ထားကြောင်း ပြောကြားထားတာကြောင့် ၂၀၂၂ကမ္ဘာ့ဖလားမှာရော အီတလီအသင်းက ဗိုလ်စွဲနိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပါ။