အီတလီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားနှုန်း မြင့်သထက် မြင့်လာတာကြောင့် ဘောလုံး ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ပြီး အခုဆိုရင် ဂျုဗင်တပ်အသင်း နဲ့ အေစီမီလန်အသင်းတို့ ကစားမယ့် ကိုပါ အီတလီ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းသွားခဲ့ရပြီပဲ ဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်း နဲ့ အေစီမီလန်အသင်းတို့ဟာ ကိုပါ အီတလီ ဆီမီး ဖိုင်နယ် ပထမ အကျော့ ပွဲစဉ်မှာ (၁-၁) ရလဒ်နဲ့ သရေကျခဲ့ပြီး ယခုအပတ် ယနေ့ည၊ ဗုဒ္စဟူးနေ့ညမှာ ကစားသွားရမယ့် ဒုတိယအကျော့ ပွဲစဉ်ကိုတော့ ဘယ်ချိန်ပြန်ကစားရမလဲ မသိရဘဲ ရွေ့ဆိုင်းခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: Dailymail

လက်ရှိမှာ အီတလီနိုင်ငံက တိုင်းဒေသကြီး (၃) ခု နှင့် ပြည်နယ် (၂) ခုမှာ ဘောလုံး ပွဲစဉ်တွေ အားလုံးကို ရပ်နားနေရပြီ ဖြစ်ပြီး အီတလီနိုင်ငံက အကြီးမားဆုံး လိဂ် ပြိုင်ပွဲ ဖြစ်တဲ့ စီးရီးအေ ပြိုင်ပွဲမှာလည်း အချို့ ပွဲစဉ်တွေကို ဆက်ကစားခဲ့ကြပေမဲ့ အချို့ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့ (၂) ပတ်အတွင်း ရွေ့ဆိုင်းခဲ့ရတဲ့ စီးရီအေ ပွဲစဉ်ဟာ လက်ရှိအချိန်အထိ ပွဲစဉ် (၁၀) ပွဲ ရှိသွားခဲ့ပြီ ဖြစ်ပြီး စီးရီးအေအသင်းတွေအနေနဲ့ လာမယ့် ရက်အတွင်းမှာ ပိုကောင်းတဲ့ အဖြေရှာတွေ့နိုင်ဖို့ “အရေးပေါ် တွေ့ဆုံဆွေးနွေးမှု” ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရှိထားရပါတယ်။

Photo Credit: Dailymail

အီတလီအစိုးရကတော့ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားနေတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်မှာ ဘောလုံးပွဲစဉ်တွေကို လာမယ့် မတ်လ (၈) ရက်အထိ ရပ်နားဖို့ ထုတ်ပြန်သွားပြီး တကယ်လို့ ကိုရိုနာ ဗိုင်းရပ် ကူးစက်မှု ပိုမို လျှင်မြန်လာရင် ပွဲစဉ်တွေ အားလုံးကို ရပ်နားသွားနိုင်ပါတယ်။ ဘောလုံး ပွဲစဉ်တွေကို ရပ်နားဖို့ ထုတ်ပြန်ရတဲ့ အကြောင်းအရင်းမှာ ကိုရိုနာ ဗိုင်းရပ်ကြောင့် လူသေဆုံးမှု ပို များလာခဲ့တာကြောင့် ဖြစ်ပြီး ” ပြည့်သူကာကွယ်ရေးအဖွဲ့”က အီတလီနိုင်ငံမှာ (၂၄) နာရီအတွင်း လူ (၂၇) ဦး သေဆုံးခဲ့တယ်လို့ အခိုင်အမာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ Dailymail သတင်းက အီတလီနိုင်ငံဟာ လက်ရှိမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လူပေါင်း (၂၇) ဦး သေဆုံးခဲ့ပြီ ဖြစ်ပြီး ရောဂါဖြစ်ပွားသူ (၂,၅၀၂) ရှိတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။