MySport Myanmar

ဘယ်လောက်ပဲ ခြေစွမ်းကျကျ အင်္ဂလန်ကိုတော့ အနိုင်ကစားနိုင်တဲ့ အီတလီ

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နေးရှင်းလိဂ် အုပ်စု(၃)ရဲ့ အုပ်စုပွဲစဉ် တပွဲ ဖြစ်တဲ့ အီတလီနဲ့ အင်္ဂလန်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် အီတလီက ဧည့်သည် အင်္ဂလန်ကို တိုက်စစ်မှူး ရက်စ်ပါဒိုရီရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။

အီတလီမြေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်ဟာ နှစ်သင်းစလုံး အတွက် နေးရှင်းလိဂ်ရဲ့ ပထမတန်း ကနေ တန်းမဆင်းရဖို့ အတွက် အရေးပါတဲ့ ပွဲစဉ်တပွဲ ဖြစ်ခဲ့ပြီး အဆိုပါပွဲမှာ အီတလီက အနိုင်ရခဲ့ရင် တန်းမဆင်းရဖို့ သေချာသွားမှာ ဖြစ်သလို အင်္ဂလန်ကသာ အနိုင်ရသွားရင်လည်း တန်းမဆင်းရဖို့ အုပ်စုနောက်ဆုံးပွဲ အထိ မျှော်လင့်ချက် ရှိသွားမှာလည်း ဖြစ်ပါတယ်။

Photo Credit: Football 365

ဒါပေမယ့် အရေးပါတဲ့ ပွဲကြီးတွေ ရောက်ရင် ခြေစွမ်းတွေ ဆိုးရွားတတ်တဲ့ အင်္ဂလန်ရဲ့ ဓလေ့အတိုင်းပဲ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ဧည့်သည် အင်္ဂလန်ဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အိမ်ရှင် အီတလီကတော့ မျက်နှာသစ် ကစားသမား တချို့ကို သုံးခဲ့သည့်တိုင် ခံစစ်ပိုင်း ကျစ်လျစ်မှုကြောင့် ပေးဂိုးတွေ ခွင့်မပြုရအောင် စွမ်းဆောင်နိုင်ခဲ့သလို တိုက်စစ်မှူး ရက်စ်ပါဒိုရီကလည်း ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့တာကြောင့် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အဖိုးတန်နိုင်ပွဲ တပွဲကို ရရှိသွားခဲ့တာပါ။

အင်္ဂလန်ကို အနိုင်ရသွားတာကြောင့် အီတလီဟာ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ဆီ တက်လှမ်းနိုင်ဖို့ အုပ်စု နောက်ဆုံးပွဲ အဖြစ် ကစားရမယ့် ဟန်ဂေရီနဲ့ပွဲမှာ နိုင်ပွဲ ရယူနိုင်ရန်သာ လိုအပ်တော့ပြီး တဖက်မှာတော့ အီတလီကို ရှုံးနိမ့်သွားတဲ့ အင်္ဂလန်ဟာ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ ဒုတိယတန်းဆီ တန်းဆင်းသွားခဲ့ရပါတယ်။

Photo Credit: Football 365

အီတလီက အင်္ဂလန်နဲ့ မကစားမီ နောက်ဆုံး ကစားခဲ့တဲ့ ၁၀ပွဲမှာ ရလဒ်တွေ တည်ငြိမ်ခြင်း မရှိပဲ ၃ပွဲသာ အနိုင်ရရှိထားခဲ့ပေမယ့် အင်္ဂလန်နဲ့ တွေ့ဆုံချိန်မှာတော့ သူတို့အသင်းရဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး အီတလီ ၁-၀ အင်္ဂလန်ပွဲစဉ် အပြီးမှာတော့ အီတလီပရိသတ်တွေက အင်္ဂလန်ဟာ သူတို့ရဲ့ ငယ်နိုင်အသင်း ဖြစ်ကြောင်း ကြွေးကြော်နေကြပါတယ်။

အီတလီနဲ့ အင်္ဂလန်တို့ဟာ နောက်ဆုံး ၈နှစ် အတွင်းမှာ ၆ကြိမ် အထိ တွေ့ဆုံခဲ့ဖူးပြီး အဆိုပါ ၆ကြိမ်မှာ အီတလီက ၃ကြိမ် အထိ အနိုင်ရရှိခဲ့သလို (တကြိမ်က ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်ခဲ့တာပါ) ၃ပွဲ သရေကျထားကာ အင်္ဂလန်အနေနဲ့ အီတလီကို နောက်ဆုံး အနိုင်ရရှိထားတာဟာ လွန်ခဲ့တဲ့ ၁၀နှစ်က ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဖြစ်ပြီး အဆိုပါပွဲမှာတော့ အင်္ဂလန်က အီတလီကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။

Exit mobile version