အီတလီ ဘောလုံးကစားသမားများ အစည်းအရုံး (Italian Footballers Union) ကတော့ ဒီနေ့ မတ်လ (၈) ရက် နဲ့ မနက်ဖြန် မတ်လ (၉) ရက်မှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ပျံ့ပွားနေပေမဲ့ ဘောလုံးပွဲ ဆက်လက် ကစားနေတာကို ဆန္ဒပြသွားမှာ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ အီတလီနိုင်ငံဟာ လက်ရှိမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားမှု မြန်ဆန်သထက် မြန်ဆန်နေပြီး အီတလီ နိုင်ငံ တစ်ဝှမ်းလုံးမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားသူ ဦးရေ (၅) ထောင်နဲ့ အထက် ရှိနေပြီ ဖြစ်သလို သေဆုံးသူ ဦးရေဟာလည်း (၂၃၀) နဲ့ အထက်တောင် ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit: YahooSports

အီတလီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ပျံ့ပွားမှု ဖြစ်သထက် ဖြစ်လာပေမဲ့ ဘောလုံး ပြိုင်ပွဲကို ဆက်လက် ကျင်းပနေကြဆဲ ဖြစ်ပြီး အီတလီနိုင်ငံရဲ့ အထင်ကရာ ပြည်တွင်းလိဂ် ပြိုင်ပွဲ ဖြစ်တဲ့ စီးရီးအေ ပြိုင်ပွဲဆိုရင် ဧပြီလအထိ ပရိသတ်မပါဘဲ တံခါးပိတ် ကစားသွားနိုင်ချေ ရှိနေပါတယ်။ ဘရက်စီယာအသင်းရဲ့ တိုက်စစ်မှူး ဘာလော့တယ်လီ နဲ့ အီတလီ ဘောလုံးကစားသမားများ အဖွဲ့အစည်း (Italian Footballers Union – AIC) ဥက္ကဌတို့ကတော့ ဘောလုံး ပြိုင်ပွဲတွေ ဆက်လက် ကစားနေတာကို ရပ်တန့်ပေးဖို့ တိုက်တွန်းပြီး ဆန္ဒပြုဖို့လည်း ပြင်ဆင်နေကြပြီပဲ ဖြစ်ပါတယ်။

Photo Credit: YahooSports

Gazzetta dello Sport သတင်း အပါအဝင် အီတလီ အခြေစိုက် သတင်းတွေ အများစုကတော့ အီတလီ ဘောလုံးကစားသမားများ အဖွဲ့အစည်း (AIC) ဟာ အသင်းအဖွဲ့ဝင်တွေကို ယခုအပတ် ဒီနေ့ (၈) ရက်နေ့ နဲ့ မနက်ဖြန် (၉) ရက်နေ့မှာ ဆန္ဒပြမယ်လို့ ထုတ်ပြန်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီကနေ့ (၈) ရက်နေ့ တနင်္ဂနွေနေ့မှာပဲ အီတလီ အားကစား ဝန်ကြီးချုပ် ဗီဆန်နို စပါတာဖိုရာ (Vincenzo Spadafor) က ဘောလုံး အဖွဲ့ချုပ်ကို စီးရီးအေ ပွဲစဉ်တွေ အားလုံး ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမဲ့ စီးရီးအေ ပွဲစဉ်ကို ကစားခဲ့ပါတယ်။ ယနေ့ညမှာ ပါးမားအသင်း နဲ့ စပဲလ်အသင်းတို့ ကစားကြတဲ့ ပွဲစဉ်ဟာ စီစဉ်ထားကြတဲ့ အချိန် အတိုင်း မကစားခဲ့ဘဲ နောက်ကျမှ ကစားခဲ့ရပြီး ပါးမားအသင်းက (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။