အီတလီ outlet တစ်ခုဖြစ်တဲ့ Corriere della Sera ရဲ့ သတင်းဖော်ပြချက်တွေအရ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ ထိပ်သီး ကလပ်အသင်းတွေက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဟယ်ရီ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

ယူနိုက်တက် နောက်ခံကစားသမား မက်ဂွိုင်းယားကို စီးရီးအေက နာပိုလီ ဂျုဗင်တပ်စ် အင်တာမီလန် အေစီမီလန် နဲ့ ရိုးမားအသင်းတို့က ခေါ်ယူချင်နေပြီး အငှား + အပြီးသတ် ခေါ်ယူမှုတို့နဲ့ ကမ်းလှမ်းသွားချင်နေတယ်လို့ Corriere della Sera က ဖော်ပြထားခဲ့ပါတယ်။

Photo Credit : TEAMtalk

အင်္ဂလန် လက်ရွေးစင် ဗဟို ခံစစ် ကစားသမား မက်ဂွိုင်းယားက မန်ယူနိုက်တက်မှာ အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီးနောက်ပိုင်း စိတ်ပျက်လို့နေပြီး ဒီနွေမှာပဲ အသင်းက ထွက်ခွာသွားဖို့ပါ စဉ်းစားလာခဲ့ပါတယ်။ ဒီလို အခြေအနေ ရှိနေတဲ့ မက်ဂွိုင်းယားကို ဝက်စ်ဟမ်းအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေချိန် စီးရီးအေ ကလပ်အသင်းတွေကပါ မက်ဂွိုင်းယားကို ခေါ်ယူချင်လာခဲ့ပါတယ်။

လက်ရှိမှာ အသက် (၃၀)အရွယ်ရှိ ခံစစ်မှူး မက်ဂွိုင်းယားက တကယ်လို့ ယူနိုက်တက်မှာပဲ ဆက်နေမယ်ဆိုရင် အသင်းမှာ နေရာပျောက်ဖို့က သေချာနေပြီး လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာပါ အင်္ဂလန်အသင်းအတွက် ကစားခွင့် ပျောက်ဆုံးနိုင်လို့ ဒီနွေမှာပဲ အသင်း အပြောင်းအလဲ လုပ်ဆောင်သွားရဖွယ် ရှိနေရပါတယ်။

Photo Credit : The Times

အခု မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ စီးရီးအေ ကလပ်အသင်းတွေထဲမှာ စီးရီးအေ ချန်ပီယံ နာပိုလီက ဘိုင်ယန်ကို ပြောင်းသွားတဲ့ ကင်မင်ဂျေးနေရာမှာ မက်ဂွိုင်းယားနဲ့ အစားထိုးနိုင်သလို အေစီမီလန်ကလည်း အခု အားဖြည့်ထားတဲ့ ကစားသမားသစ်တွေထဲမှာ ခံစစ် ကစားသမား တစ်ဦးမှ မပါဝင်လို့ မက်ဂွိုင်းယားကို မျက်စိကျလာနိုင်ပါတယ်။

ဂျုဗင်တပ်စ်ကလည်း အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ကစားသမားတွေ အမြဲ ခေါ်ယူတတ်တဲ့ အသင်း ဖြစ်နေတာမို့ မက်ဂွိုင်းယား deal ကို စဉ်းစားနိုင်ပြီး ယူနိုက်တက် ကစားသမားတွေ အမြဲတမ်း ခေါ်ယူတတ်တဲ့ အင်တာ ရိုးမားတို့ကလည်း မက်ဂွိုင်းယားကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။