ဂျုဗင်တပ်စ်အသင်းရဲ့ ဝါရင့်နောက်ခံလူတစ်ဦးလည်းဖြစ် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ချီလီနီက သူရဲ့အသင်းဖော်ဟောင်းဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုအနေနဲ့ အသင်းကနေ ဒီထက်ပိုပြီး ခပ်စောစောသာ ထွက်ခွာသွားခဲ့မယ်ဆိုရင် သူတို့ရဲ့ ဂျုဗင်တပ်စ်အသင်းအတွက် ကစားသမား ပြန်လည်အစားထိုး ခေါ်ယူရာမှာ ပိုအဆင်ပြေနိုင်ခဲ့မှာလို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ပေါ်တူဂီကြယ်ပွင့် ကစားသမားကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာပဲ ဂျုဗင်တပ်စ်အသင်းကနေ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိ အသင်းဟောင်းမှာ သွင်းဂိုးတွေနဲ့ ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။ အသက်(၃၆)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား ရော်နယ်လ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းမှာ ဘောလုံးရာသီ(၃)ရာသီထိ ဖြတ်သန်းခဲ့ပြီးနောက် စီးရီးအေချန်ပီယံဆု (၂)ကြိမ်နဲ့ ပြည်တွင်းရှုံးထွက်ဖလားတွေ တစ်ဦးချင်း ဆုတံဆိပ်တွေကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း ဒီနွေမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Cult of Calcio

အခုလို အသင်းကနေ ရော်နယ်လ်ဒို ထွက်ခွာသွားခဲ့တာနဲ့ပတ်သက်ပြီး အသင်းဖော်ဟောင်းဖြစ်သူ ချီလီနီက “ရော်နယ်လ်ဒိုအနေနဲ့ သူ့အတွက် ကစားပေးနိုင်မယ့် ကလပ်အသင်း တစ်သင်း သူရဲ့ဆုံးဖြတ်ချက်တွေ ပြတ်ပြတ်သားသား ချမှတ်နိုင်မယ့် အသင်းတစ်သင်းကို ရှာတွေ့့သွားပြီးတော့ ရည်မှန်းချက်အသစ်တွေ ထပ်ရှာဖို့ လိုအပ်နေပြီဆိုချိန်မှာပဲ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်ဖို့က အကြောင်းဖန်လာခဲ့ရပါတယ်။ ဂျုဗင်တပ်စ်အသင်းမှာတော့ ပြန်လည်အားဖြည့်ဖို့နဲ့ ပြန်လည်တည်ဆောက်ဖို့အတွက် စတင်လုပ်ဆောင်နေရတယ်။ သူသာ ဒီအသင်းမှာ ဆက်ရှိနေခဲ့မယ်ဆိုရင် သူရဲ့တန်ဖိုးကလည်း ပိုပြီးမြင့်တတ်လာလိမ့်မယ်။ ဒါပေမယ့် လက်ရှိ ပစ္စုပ္ပန်ထက် အနာဂတ်အကြောင်းကို ပိုတွေးနေမိမယ်ဆိုတာကလည်း တကယ်တော့ သာမာန်ပါပဲ။ ရော်နယ်လ်ဒိုက သြဂုတ်လ ၂၈ရက်နေ့ကမှ အသင်းကနေ ထွက်ခွာသွားခဲ့တာပါ။ ဒီထက်သာ ပိုစောစောလေး ထွက်ခွာခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် ကောင်းခဲ့မှာပါ။ ဒါက အနည်းငယ်တော့ အံ့အားသင့်စေခဲ့ရတယ်။ သူသာ စောစောထွက်ခွာသွားမယ်ဆိုရင် ကျွန်တော်တို့အတွက် ပြင်ဆင်ချိန်လည်း ပိုရခဲ့မှာပါ”လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။