ပီအက်စ်ဂျီအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အိန်ဂျယ်ဒီမာရီယာက သူရဲ့ကလပ်အသင်းမှာ သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီနဲ့သာ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားခွင့် ရရှိလာခဲ့မယ်ဆိုရင် အလွန်ကို ဝမ်းမြောက်ပျော်ရွှင်စရာ ဖြစ်လာလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SPORTbible

ဒီမာရီယာနဲ့ မက်ဆီတို့ဟာ အာဂျင်တီးနားလက်ရွေးစင် အသင်းဖော်တွေ ဖြစ်နေပေမယ့်လည်း ကလပ်အသင်းတစ်ခုတည်းမှာတော့ တွဲဖက်ကစားဖူးခြင်းမရှိသေးတဲ့အပြင် တစ်ခါတစ်လေ မက်ဆီရဲ့ပြိုင်ဘက်အဖြစ်နဲ့သာ ရင်ဆိုင်တွေ့ဆုံနေရတာဖြစ်ပါတယ်။ မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူရဲ့ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းမှာ ဆက်လက်ရှိနေဖို့ကလည်း မသေချာတော့တာကြောင့် သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ ပစ်မှတ်ထားလာခဲ့ပြီး ဒီအသင်းတွေထဲမှာ ဒီမာရီယာရဲ့ ပီအက်စ်ဂျီအသင်းပါ ပါဝင်လျက်ရှိနေပါတယ်။

Photo Credit : Goal

ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်းကနေ မက်ဆီကို ခေါ်ယူချင်နေပြီး အသင်းရဲ့တိုက်စစ်မှာ မက်ဆီ နေမာ ဘာပေတို့ အတွဲအဖက်နဲ့ ဥရောပရဲ့ ကြောက်မက်စရာကောင်းတဲ့ တိုက်စစ်အစုအဖွဲ့တစ်ခုကို တည်ဆောက်ချင်နေတာဖြစ်ပါတယ်။ မက်ဆီနဲ့ပတ်သက်ပြီး ဒီမာရီယာက “ကျွန်တော်ရဲ့ ဘောလုံးသမား ဘဝတလျှောက် ကျွန်တော်မြင်တွေ့ဖူးသမျှတွေအားလုံးထဲကမှ လီယိုကတော့ တခြားကမ္ဘာတစ်ခုကနေ ရောက်ရှိလာတဲ့သူလိုပါပဲ။ သူ့ကိုသာ ကိုယ့်အသင်းရဲ့ အသင်းဖော်တစ်ယောက်အဖြစ် ရရှိလိုက်မယ်ဆိုရင်တော့ ဒါဟာ ထူးခြားခမ်းနားလှတဲ့ အရာတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ ဒါပေမယ့် သူက အခု ဘာစီလိုနာအသင်းရဲ့ ကစားသမားတစ်ယောက်ပါ။ အသင်းနဲ့ကလည်း စာချုပ်သက်တမ်း ရှိနေပါသေးတယ်။ သက်တမ်းကုန်သွားမှသာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာ။ သူနဲ့ ကျွန်တော်က စကားတွေလည်း အများကြီးပြောခဲ့ဖူးတယ်။ ကျွန်တော်သူ့ကို အမြဲပြောလေရှိတာကတော့ မင်းအတွက် အရေးကြီးဆုံးက မင်းပျော်ရွှင်နေဖို့နဲ့ မင်းမိသားစုဝင်တွေ ပျော်ရွှင်နေဖို့ပဲလို့။ သူနဲ့ပတ်သက်တဲ့ တခြား အပြောင်းအရွှေ့ အကြောင်းအရာတွေကို ထုတ်ပြောဖို့ကတော့ ခက်ခဲပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။