မန်ချက်စတာ စီးတီးအသင်းရဲ့ စပိန် ကွင်းလယ်ကစားသမား ရိုဒရီက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ဘာလွန်းဒေါဆုကိုသာ ဆွတ်ခူးနိုင်လိုက်မယ်ဆိုရင် ဒါဟာ သူ့အတွက်တော့ အိမ်မက်တစ်ခုလို ဖြစ်လာပါလိမ့်မယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက်ရော စပိန်လက်ရွေးစင်အသင်းအတွက်ပါ အောင်မြင်မှုတွေ ရယူပေးနေတဲ့ ကွင်းလယ်လူ ရိုဒရီဟာ ၂၀၂၄ ဘာလွန်းဒေါဆုအတွက် ဆန်ကာတင် အယောက်(၃၀)စာရင်းမှာ ပါဝင်လာခဲ့ရင်း ရီးယဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်နဲ့အပြိုင် ဘာလွန်းဒေါဆုရှင် ဖြစ်လာဖို့ ရေပန်းစားလို့နေပါတယ်။

Photo Credit : beIN SPORTS

စပိန်အသင်းမှာ ဘောလုံးသမားကောင်းတွေ စဉ်ဆက်မပြတ် ထွက်ပေါ်နေပေမယ့်လည်း ဘာလွန်းဒေါဆု ရရှိတဲ့ စပိန်ကစားသမားဆိုလို့ ၁၉၆၀ ခုနှစ်တုန်းကသာ ကွင်းလယ်လူ လူးဝစ် ဆွာရက်ဇ် တစ်ဦးတည်းပဲ ရှိခဲ့ဖူးပြီး အဲ့ဒီနောက်ပိုင်းကတည်းက စပိန်ကစားသမားတွေ တစ်ယောက်မှ ဘာလွန်းဒေါဆုကို မဆွတ်ခူးနိုင်ခဲ့တာ (၆၄)နှစ်အထိတောင် ရှိသွားခဲ့ပါတယ်။

အခုတော့ ရိုဒရီက စပိန်ဘောလုံးသမိုင်းတစ်လျှောက်မှာ ဒုတိယမြောက် ဘာလွန်းဒေါဆုရှင် ဖြစ်လာဖို့ အလွန် နီးစပ်နေပြီး ဒီအခြေအနေတွေအပေါ်မှာလည်း ရိုဒရီက “ဒါဟာ ကျွန်တော့်အတွက် အိမ်မက်တစ်ခု ဖြစ်လာမှာပါ။ ဇာဗီတို့ အင်နီယေစတာတို့လို ကစားသမားတွေတောင် မရခဲ့တဲ့ ဆုကို ကျွန်တော် ဘယ်လိုရနိုင်မလဲ မေးလာကြတဲ့အခါ ဒါကိုလည်း ကျွန်တော် လက်ခံပါတယ်။”

Photo Credit : Transfermarket

“သူတို့က ခေတ်တစ်ခေတ်ကို ဖော်ပြနိုင်ခဲ့ပြီး ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲမှာ ပါဝင်နိုင်ခဲ့ကြပေမယ့် ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ လွှမ်းမိုးနေတဲ့အချိန်မှာမှ ဒီကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာကြောင့်ပါ။ တကယ်လို့ ဘာလွန်းဒေါဆုသာ ဆွတ်ခူးနိုင်မယ်ဆိုရင် ကျွန်တော့်အတွက်နဲ့ စပိန်အတွက် ကြီးမားတဲ့ ဂုဏ်ယူစရာ ဖြစ်ပါလိမ့်မယ်။ စပိန် ကစားသမားတစ်ယောက်က ဒီဆုကို နောက်တစ်ကြိမ် ရရှိမယ်ဆိုရင် မယုံနိုင်လောက်စရာ အသိအမှတ်ပြုမှုတစ်ခု ဖြစ်လာမှာပါ။”

“လူတွေက ကျွန်တော် ဗင်နီစီယပ်စ်နဲ့ ပြိုင်ရမယ်လို့ ပြောတယ်။ သူ့ကို ကျွန်တော် တကယ် လေးစားပါတယ်။ သူက ထူးချွန်တဲ့ ကစားသမားပါ။ ဒီလို ရေပန်းစားနေတာနဲ့ ပတ်သက်ပြီး ကျွန်တော် လုပ်ဆောင်ခဲ့တာတွေ အားလုံးအတွက် ဂုဏ်ယူမိပါတယ်။ ဆန်ကာတင်စာရင်းမှာလည်း ကစားသမားတွေ အများကြီး ပါနေသေးတာဖြစ်လို့ ပရိသတ်တွေက ဘယ်သူ့ကို မဲပေးရွေးချယ်မလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။ လူတွေက ကျွန်တော့်ကို ဘာလွန်းဒေါဆု ရသင့်တယ်လို့ ပြောနေကြတာနဲ့တင် ကျွန်တော်က winner တစ်ဦးလို ခံစားနေရပါပြီ။ ဒီလို ဖြစ်လာမယ်လို့ အိမ်မက်တောင် မမက်ဖူးဘူး။ ဒါပေမယ့် ကျွန်တော် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပြီး ယုံကြည်မှု ထားခဲ့တာတွေကြောင့် အခုလို ဖြစ်လာခဲ့တာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။